၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ သဘောတူညီချက် နည်းပါးနိုင်ပြီး အခြားကဏ္ဍများမှ သဘောတူညီချက် အများဆုံးရအောင် ကြိုးပမ်းမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ သဘောတူညီချက် နည်းပါးနိုင်ပြီး အခြားကဏ္ဍများမှ သဘောတူညီချက် အများဆုံးရအောင် ကြိုးပမ်းမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 5 July 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ သဘောတူညီချက် နည်းပါးနိုင်ပြီး အခြားကဏ္ဍများမှ သဘောတူညီချက် အများဆုံးရအောင် ကြိုးပမ်းသွားမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များအား ပြောကြားသည်။

ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံ အကြိုကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ဌေးက “အခုလုပ်ငန်းကော်မတီ အစည်းအဝေးမှာတော့ အထူးသဖြင့်ကတော့ ပြီးခဲ့တဲ့ UPDJC မှာ ဆုံးဖြတ်လိုက်တဲ့ဟာပေါ့။ အထူးသဖြင့် နိုင်ငံရေးပေါ့။ နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်လို့ ခေါင်းစဉ်နှစ်ခုတင်တယ်။ ပထမတစ်ချက်ကတော့ တိုင်းရင်းသား လူနည်းစုအခွင့်အရေး၊ နောက်တစ်ချက်က ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ ကျား/မ တန်းတူရေးပေါ့။ အဲဒီမှာတော့ UPDJC မှာ အကြိတ်အနယ် ဆွေးနွေးတယ်။ လူနည်းစု ကိစ္စပေါ့။ အဲဒီအပေါ်မှာတော့ သဘောတူညီချက်မရဘူး။ တိုင်းရင်းသား လူနည်းစု၊ အခြားလူနည်းစုပေါ့။ ဒီအပေါ်မှာ အဓိပ္ပာယ် ဖွင့်တဲ့အခါမှာ နိုင်ငံရေးကဏ္ဍမှာ တော်တော်လေး အပြင်းအထန်ပြောရတယ်။ ပြောရတဲ့အတွက် အခုညီလာခံမှာတော့ ဒါကိုမဆွေးနွေးသေးဘူး” ဟု ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးညီလာခံသည် အဓိကဦးတည်သည်မှာ ဖက်ဒရယ်အတွက် ဖြစ်သောကြောင့် ဖက်ဒရယ် Principle များ မပြတ်သေးကြောင်း၊ ဒီမိုကရေစီ Principle များ ကျန်သေးကြောင်း၊ ဒီမိုကရေစီနှင့် ပတ်သက်သည့် Principle များမှာ မူလကတည်းက ဆွေးနွေးရန် ဦးတည်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အခွင့်အရေးများ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ကိစ္စရပ်များအပေါ်တွင် စကားလုံးအရ အကျေအလည်မရကြောင်း ၎င်းကပြောကြားသည်။

“စကားလုံးအရ အကျေအလည် မရဘူး။ မရတော့ နိုင်ငံရေးကဏ္ဍမှာ တစ်ချက်ပဲရတယ်။ အဲဒါကတော့ ကျား/မ တန်းတူရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရအောင်လုပ်မယ်။ ကျန်တဲ့ကဏ္ဍတွေကတော့ သိပ်ပြီးတော့ များများစားစား အငြင်းပွားစရာ မရှိဘူးပေါ့။ စီးပွားရေးကလည်း ထွက်သင့်သလောက် ထွက်မယ်။ လူမှုရေးကလည်း မူလကသဘောတူထားတာ ခြောက်ချက်ရှိတယ်။ အခုသုံးရက်မှာလည်း ထပ်ဆွေးနွေးဖို့။ မူလမှန်းထားတာက လူမှုရေးကဏ္ဍက ၁၀ ချက်လောက် တင်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲဆိုတော့ ဒီညီလာခံမှာ နိုင်ငံရေးကဏ္ဍက သဘောတူညီချက်က နည်းနည်းလေး နည်းမယ်ပေါ့။ နည်းမယ့်သဘောရှိတဲ့အတွက် ကျန်တဲ့ကဏ္ဍတွေကနေ သဘောတူညီချက်တွေ အများဆုံးရအောင် ကြိုးပမ်းသွားမယ်လို့ မှန်းထားတာပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တက်ရောက်ရန် တရုတ်သံရုံးမှတစ်ဆင့် ဖိတ်စာများပို့ထားပြီး တက်ရောက်မည်ဟု သိရကြောင်း၊ NCA ရေးထိုးရခြင်းမရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း တက်ရောက်မည်ဟု အကြောင်းပြန်ထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍများအား လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးလျက်ရှိသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြုလုပ်ရန် ကြိုတင်ပြင်ဆင်လုပ်ငန်းကော်မတီ အစည်းအဝေးများကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းကော်မတီဝင်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးသည့်အကြောင်းအရာများအား စာတမ်းများပြုစုကာ ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် UPDJC အစည်းအဝေးသို့ တင်ပြခဲ့ကာ ယခုထပ်မံ၍ လုပ်ငန်းကော်မတီ အစည်းအဝေးများ ပြုလုပ်ခြင်းဖြစ်သည်။

Most Read

Most Recent