ဘိုကလေးမြို့နယ် သဘော့ကျွန်းကျေးရွာတွင် ပျောက်ဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား အသတ်ခံရလျက် ပြန်လည်တွေ့ရှိ

ဘိုကလေးမြို့နယ် သဘော့ကျွန်းကျေးရွာတွင် ပျောက်ဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား အသတ်ခံရလျက် ပြန်လည်တွေ့ရှိ
Published 5 July 2018

ဘိုကလေးမြို့နယ် ညီနောင်ဝကျေးရွာအုပ်စု သဘော့ကျွန်းကျေးရွာတွင် ဇူလိုင် ၂ ရက်က နေအိမ်မှ ရွာအတွင်းသို့ ဈေးဝယ်ရန် ထွက်သွားပြီးနောက် ပျောက်ဆုံးနေခဲ့သည့် အမျိုးသားတစ်ဦးအား ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ကျေးရွာလမ်းမနံဘေး၌ အသတ်ခံထားရလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် ညနေ ၆ နာရီခန့်တွင် သဘော့ကျွန်းကျေးရွာနေ ဦးအေးနိုင်ထွန်း (ခ) ကြင်ဝှက် (အဖ) ဦးမြင့်နိုင် အသက် ၃၂ နှစ်မှာ ဘဘော့ကျွန်းကျေးရွာရှိ ၎င်း၏ နေအိမ်သို့ အလုပ်မှပြန်လာခဲ့ကြောင်း၊ ည ၇ နာရီတွင် ဦးအေးနိုင်ထွန်းမှာ ဇနီးဖြစ်သူ ဒေါ်သန်းမြ (အဖ) ဦးတင်မောင်အား ကျေးရွာအတွင်းရှိ ဒေါ်ခင်သောင်း၏ နေအိမ်တွင် ဝက်သားသွားဝယ်မည်ဟုဆိုကာ ထွက်ခွာသွားခဲ့ကြောင်း၊ ယင်းနောက် ဦးအေးနိုင်ထွန်းမှာ အဆိုပါညတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းမရှိဘဲ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင်မှ ဦးအေးနိုင်ထွန်းအား ကျေးရွာအတွင်းရှိ ဦးမြင့်ဝေနှင့် ဦးဝင်းလှိုင်တို့ နေအိမ်နှစ်အိမ်ကြား လမ်းမနံဘေးတွင် ဝဲမျက်ခုံး နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲချိုစောင်း တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ သုံးချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ဇနီးဖြစ်သူ ဒေါ်သန်းမြက ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြား တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent