ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မည့်အပေါ် ဆန့်ကျင်ကန့်ကွက်သော ဒေသခံများအား အကြမ်းဖက်ဖြိုခွင်း တရားစွဲဆိုခြင်းကို ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မည့်အပေါ် ဆန့်ကျင်ကန့်ကွက်သော ဒေသခံများအား အကြမ်းဖက်ဖြိုခွင်း တရားစွဲဆိုခြင်းကို ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
Published 5 July 2018

ကယားပြည်နယ် (ကရင်နီ) တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မည့် လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်သော ဒေသခံများအား အကြမ်းဖက်ဖြိုခွင်း တရားစွဲဆိုမှုကို ကန့်ကွက်ကြောင်း ဇူလိုင် ၄ ရက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် ဇူလိုင် ၃ ရက်က ကယားပြည်နယ် (ကရင်နီ) တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ခြင်းအား ဌာနေတိုင်းရင်းသား လူထုလူတန်းစား အဖွဲ့အစည်းများမှ ဦးဆောင်၍ စစ်ကြောင်းသုံးရပ်ဖြင့် ချီတက်ကန့်ကွက်ခဲ့ကြကြောင်း၊ ထိုသို့ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းအား ရဲတပ်ဖွဲ့မှ အင်အားသုံးရိုက်နှက် ဖြိုခွင်းတရားစွဲဆိုသည့် လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် အခြေခံဒီမိုကရေစီ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းအား အကြမ်းဖက်ဖြိုခွင်းမှုသည် ဒီမိုကရက်တစ်အမည်ခံ အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အား ကျောခိုင်းပြီး စစ်အာဏာရှင်များနည်းတူ ပြုမူလိုက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတည် ဆောက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှု၍ ဆက်လက်လုပ်ဆောင်နေခြင်းသည် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒကို စစ်အာဏာရှင်များနည်းတူ ကျင့်သုံးလိုက်ခြင်းပင်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဗကသများအဖွဲ့ချုပ်သည် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒအား ဆန့်ကျင်ပြီး အကြမ်းဖက် ဖြိုခွင်းတရားစွဲဆိုမှုအား ကျူးလွန်သော ရဲတပ်ဖွဲ့၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ၏လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချပြီး ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒအတိုင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ခြင်းအား အမြန်ဆုံးရပ်တန့်ရန်နှင့် စွဲဆိုထားသော အမှုများအား ပြန်လည်ရုပ်သိမ်းပြီး ဥပဒေမဲ့ အကြမ်းဖက်ခဲ့သော ရဲတပ်ဖွဲ့အား အရေးယူပေးရန် မိမိတို့ ဗကသများအဖွဲ့ချုပ်မှ တောင်းဆိုလိုက်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent