ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မှားယွင်းအမှုဖွင့်ခံရပြီး အမှုရုပ်သိမ်းမှု နောက်ကျနေသည့်အတွက် များစွာနစ်နာကြောင်း အမှုဖွင့်ခံရသူအမျိုးသမီး ပြောကြား

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မှားယွင်းအမှုဖွင့်ခံရပြီး အမှုရုပ်သိမ်းမှု နောက်ကျနေသည့်အတွက် များစွာနစ်နာကြောင်း အမှုဖွင့်ခံရသူအမျိုးသမီး ပြောကြား
Published 25 August 2017

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မှားယွင်းအမှုဖွင့်ခံရပြီး အမှုရုပ်သိမ်းမှု နောက်ကျနေသည့်အတွက် များစွာနစ်နာကြောင်း အမှုဖွင့်ခံရသူအမျိုးသမီး ပြောကြားသည်။

ဖြစ်စဉ်မှာ အဗျားဘိုတဲကျေးရွာတွင် နေထိုင်သော မခင်မျိုးသင်း (၂၂နှစ်) (ဘ- ဦးကျင်စိန်)ဆိုသူအား တစ်ရွာတည်းနေ ဦးသန်းနိုင်ဦး၏ တိုင်ကြားမှုကြောင့် ချစ်သမီးလေး Facebook Account သုံးသူဟုဆိုကာ ဝေါမြို့မရဲစခန်းမှ ဒုရဲအုပ်နွေဦးမောင်နှင့် မြဝတီရဲစခန်းမှ ရဲဝန်ထမ်းတို့ပေါင်း၍ မတ် ၅ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီး၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဝေါမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး ဝေါမြို့မရဲစခန်း၌ ၁၅ ရက် ချုပ်နှောင်ထားခဲ့ပြီး မခင်မျိုးသင်း ကိုင်ဆောင်သောဖုန်းအားလည်း ဝေါရဲစခန်းမှ သိမ်းယူသွားခဲ့သည်။ CID နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့မှ စစ်ဆေးပြီးနောက် ချစ်သမီးလေး Accound ဖြင့် သုံးစွဲထားခြင်းမရှိ၍ အမှုဖွင့်ရန် မသင့်ကြောင်း သြဂုတ် ၇ ရက်တွင် ဝေါမြို့မရဲစခန်းသို့ ညွှနြကြားစာ ပြန်လည်ပေးပို့ခဲ့သော်လည်း အမှုရုပ်သိမ်းပေးခြင်းမရှိသေး၍ များစွာနစ်နာနေရကြောင်း မခင်မျိုးသင်းက ပြောကြားသည်။

“ကျွန်မက မြဝတီမှာ စက်ရုံအလုပ်ဆင်းနေတာ တစ်လကို ငါးသိန်းလောက်ရပါတယ်။ မိဘတွေကိုလုပ်ကျွေးနေတဲ့ အပျိုစင်မိန်းကလေးပါ။ မတ် ၅ ရက် ည ၉ နာရီ ၁၅ မိနစ်မှာ ကျွန်မတည်းနေတဲ့ မြဝတီကအိမ်ကိုလာပြီး ဖုန်းတစ်လုံးကိုဖွင့်ပြီး ဖုန်းထဲကပုံကိုပြတယ်။ ဒါနင့်ပုံလားတဲ့ ကျွန်မကလည်းဟုတ်ပါတယ်လို့ပြောတော့ မြဝတီရဲတပ်ဖွဲ့က အရပ်ဝတ်နဲ့ ရဲတပ်သားလို့ပြောတဲ့သူတွေက ကျွန်မကို အတင်းတွန်းထိုးပြီး ကားပေါ်တင်တယ်။ ကျွန်မရဲ့ထမီတွေ ကျွတ်ကုန်တဲ့အထိပါ။ အရှက်လည်း ရခဲ့ပါတယ်။ ဝေါရဲစခန်းမှာ ၁၅ ရက် ချုပ်ပြီးမေးတယ်။ ကျွန်မသုံးတာ ချစ်မမ အကောင့်၊ ချစ်သမီးလေးအကောင့်က ကျွန်မ မဟုတ်ဘူး ပြောပြပါတယ်။ သူတို့ ဖုန်းပေါ်မှာ ကျွန်မရုပ်ပုံတွေ့တာနဲ့ ကျွန်မကိုဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်တယ်။ အမှန်က ကျွန်မအမေနဲ့ ကျွန်မအစ်ကိုဝမ်းကွဲတော်တဲ့သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စမှာ ဆန္ဒပြတာကို မကျေနပ်လို့ ဘာမှမဆိုင်ဘဲ ကျွန်မကိုလာမဲတာ။ အခုလည်း ဆက်သွယ်ရေးဝန်ကြီးဌာနက အမှုဖွင့်ရန်မသင့်ကြောင်း စာထုတ်ပြီးတာတောင် အမှုမပိတ်ပေးဘူး။ အလုပ်လည်း ပြုတ်ခဲ့ရတယ်။ အရှက်လည်းရခဲ့တယ်။ အများကြီး နစ်နာပါတယ်” ဟု မခင်မျိုးသင်းက ပြောကြားသည်။

“ဒီ ၆၆ (ဃ) နဲ့ စွဲထားတဲ့အမှုနဲ့ ပတ်သတ်ပြီး အမှုလည်းမမြောက်တဲ့အတွက်ကြောင့် နောက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း သူ့ဖုန်းမှာ မမှန်မကန် သုံးစွဲထားတာ မတွေ့ရလို့ အမှုမလုပ်သင့်ပါဘူးလို့ ပြန်ကြားစာပေးပို့လာတဲ့အတွက် အမှုပိတ်သိမ်းပေးဖို့ မြို့နယ်ဥပဒေရုံးကို စာတင်ထားပါတယ်” ဟု အမှုစစ်ဒုရဲအုပ်နွေဦးမောင်က ပြောကြားသည်။

အဗျားဘိုတဲကျေးရွာတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှုကိစ္စနှင့်ပတ်သက်၍ ရွာသားချင်းသင့်မြတ်မှုမရှိဘဲ ယာယီအုပ်ချုပ်ရေးမှူးသာ ခန့်အပ်ထားရကြောင်း သိရသည်။

Most Read

Most Recent