နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှု အားကောင်းနေပြီး တစ်ဖက်နိုင်ငံဆိပ်ကမ်း၌် အလုပ်သမား အခက်အခဲကြောင့် ဆန်တင်မော်တော်ရေယာဉ်များ ရက်ရှည်စောင့်ဆိုင်းနေရ

နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှု အားကောင်းနေပြီး တစ်ဖက်နိုင်ငံဆိပ်ကမ်း၌် အလုပ်သမား အခက်အခဲကြောင့် ဆန်တင်မော်တော်ရေယာဉ်များ ရက်ရှည်စောင့်ဆိုင်းနေရ
Published 25 August 2017

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့မှု အားကောင်းနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းတွင် အလုပ်သမား အခက်အခဲကြောင့် ဆန်တင်သင်္ဘောများ တစ်ပတ်၊ ၁၀ ရက်အထိ ရက်ရှည်စောင့်ဆိုင်းနေရမှုများ ရှိနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့နေသည့် ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးခင်မောင်က “ကျွန်တော်တို့က ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အဲဒီဘက်မှာ အဓိက ဆန်ထွက်ပါတယ်။ ကျွန်တော်တို့က လမ်းကြောင်းနှစ်ကြောင်း ပို့ပါတယ်။ စစ်တွေက FOB နဲ့ တစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး တက္ကနာ့ဖ်ဆိပ်ကမ်းမှာ ကုန်ချတယ်။ နောက်တစ်ကြောင်းက ဆန်ထွက်တဲ့ဒေသကနေ ဘူးသီးတောင်ကို စက်လှေတွေနဲ့ ဆန်အိတ် ငါးရာ၊ ခြောက်ရာ၊ ခုနစ်ရာ၊ ရှစ်ရာ သယ်လာပြီးတော့ ဘူးသီးတောင်ကနေတစ်ဆင့် မောင်တောကိုသယ်လာပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပို့ပါတယ်။ အခက်အခဲတစ်ခုက ကျွန်တော်တို့ မိုးရာသီဖြစ်တဲ့အတွက် စစ်တွေကဆိုရင် ပင်လယ်ပြင်ကိုဖြတ်ရတဲ့အတွက် MV သင်္ဘောတွေကို ကျွန်တော်တို့ သုံးပါတယ်။ ဒါပေမဲ့ ရာသီဥတုကိုကြည့်ပြီး သွားရတာရှိတယ်။ ဟိုဘက်ကို ရောက်သွားရင်တစ်ဖက်နိုင်ငံ ဆိပ်ကမ်းမှာ အလုပ်သမား အခက်အခဲတွေကြောင့် သင်္ဘောတွေကတစ်ပတ်၊ ၁၀ ရက်၊ ၁၅ ရက်ကြာတဲ့အခါလည်း ရှိပါတယ်” ဟု ပြောကြားသည်။

အလားတူ ဘူးသီးတောင်ဆိပ်ကမ်းသို့ လည်းဆန်စက်လှေများ အများအပြား နေ့စဉ်ဝင်ရောက်နေပြီး မောင်တောမြို့သို့ တင်ပို့ရာတွင် ကားအခက်အခဲများ ရှိနေကြောင်းနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် တင်ပို့ရာတွင်လည်း တစ်ဖက်နိုင်ငံဆိပ်ကမ်းတွင် ကုန်ချရန်အလုပ်သမား အခက်အခဲကြောင့် စက်လှေများနေ့ချင်း ပြန်မရောက်နိုင်သည့်နေ့များတွင် ကားများဖြင့် စောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။

“ဘူးသီးတောင်ကို ဆန်စက်လှေလေးတွေ အဝင်များတာပေါ့နော်။ ဘူးသီးတောင်ကနေ မောင်တောကိုကားတွေနဲ့ သယ်လာရတော့ ကားအခက်အခဲ နည်းနည်းရှိတယ်။ နောက်မောင်တောမှာက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တဲ့ စက်လှေတွေဟာ ဆန်အိတ်တစ်ထောင် အများဆုံးဆန့်ပါတယ်။ ဟိုဘက်ကမ်းကိုရောက်သွားရင်လည်း အလုပ်သမား အခက်အခဲကြောင့် စက်လှေဟာ နေ့ချင်း ပြန်မရောက်တာ ရှိပါတယ်။ ဒီဘက်မှာ ကျွန်တော်တို့က ကားတွေနဲ့ စောင့်နေရတယ်။ စက်လှေလာမှ တင်ရတယ်။ နောက်စက်လှေတွေကလည်း မောင်တောချောင်းထဲကို ဒီရေအတက်နဲ့မှ ဝင်လို့ထွက်လို့ ရပါတယ်” ဟု ဆန်ကုန်သည် ဦးခင်မောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သို့ လက်ရှိနယ်စပ် ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့နေခြင်းမှာ ကုန်သည်အချင်းချင်း ချိတ်ဆက်တင်ပို့ခြင်းဖြစ်ပြီး ရခိုင်ဒေသထွက် ဆန်များကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်နေစဉ်နီးပါး တင်ပို့နေရပြီး ဇူလိုင်တစ်လတည်းတွင် ဆန်တန်ချိန် တစ်ထောင့်ကိုးရာနီးပါး တင်ပိုခဲ့ရကြောင်းနှင့် လက်ရှိတွင်လည်း ဆက်လက်တင်ပို့နေရဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှဆန်တန်ချိန် သုံးသိန်းကို G to G စာချုပ်ချုပ်ဆိုဝယ်ယူရန် ကမ်းလှမ်းထားသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent