ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အာမခံရရှိစေနိုင်သည့် အချက်အား ပြင်ဆင်အတည်ပြုထားသည့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အာမခံရရှိစေနိုင်သည့် အချက်အား ပြင်ဆင်အတည်ပြုထားသည့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
Published 25 August 2017

ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ကာတွန်းပြပွဲကို မေ ၂၇ ရက်က ရန်ကုန်မြို့ လှည်းတန်းပန်းခြံတွင် ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်)

ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အာမခံရရှိစေနိုင်သည့်အချက်အား ပြင်ဆင်ထားသည့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က သြဂုတ် ၂၄ ရက်တွင် အတည်ပြုခဲ့သည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေဟု ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးပြီး ပြင်ဆင်အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်များအား ပြင်ဆင်ချက်မရှိ၊ ဆွေးနွေးမည့် ကိုယ်စားလှယ်မရှိသည့် အတွက် ပြည်သူ့လွှတ်တော်အတိုင်း အတည်ပြုခဲ့သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ခြေဆင်းတွင် မည်သူမဆို အောက်ပါ ပုဒ်မခွဲ (က၊ ခ၊ ဂ) တို့ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မခွဲ (ဃ) ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) တွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု အတည်ပြုထားခြင်းအား ပြည်သူ့လွှတ်တော်က သဘောတူ အတည်ပြုထားသည်။

အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀ (က) ဤဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။(ခ) ဤဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဆိုသည့် အတည်ပြုချက်အား ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀ (ဂ)၊ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က၊ ခ၊ ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည့်အပိုဒ်အား ပြည်သူ့လွှတ်တော်က ပယ်ဖျက်ထားသည့်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၀ (ဂ)၊ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဃ)ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ကိုယ်စား လွှဲအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်းမပြုရဟု ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ရန် ဆွေးနွေးခဲ့သူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးက “ဆက်သွယ်ရေးဥပဒေမှာ ၆၆ (ဃ) ကို လုံးဝပယ်ဖျက်ဖို့ ကျွန်တော်က ဆွေးနွေးတယ်။ မပယ်ဖျက်ဘဲနဲ့ အာမခံပေးရမယ်ဆိုတဲ့ဟာလေးနဲ့ ပြီးသွားတယ်။ အဲဒါကို ပြည်သူ့လွှတ်တော်ကို ပို့လိုက်တော့ ပြည်သူ့လွှတ်တော်က အဲဒီ ၆၆ (ဃ) ကို အမျိုးသားလွှတ်တော်က လုပ်ထားတဲ့ဟာကို သူကပြင်လိုက်တယ်။ ထောင်နှစ်နှစ်အထိပဲ ချနိုင်တယ်လို့ ပြင်လိုက်တယ်။ ထောင်နှစ်နှစ်အထိပဲ ချနိုင်တယ်လို့ ပြင်လိုက်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရဆိုရင် ဒီ ၆၆ (ဃ) ဟာ စဆွဲကတည်းက အာမခံပေးကို ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ထဲဝင်သွားရော။ ၆၆ (ဃ) ကို မပယ်ဖျက်ရင်တောင်မှ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်က သက်သာနေတဲ့အတွက် လက်ခံတဲ့ သဘောဖြစ်သွားတာပေါ့။ အဲဒီအတွက် မဆွေးနွေးတော့ဘဲ အတည်ပြုခဲ့တာပါ။ တကယ်တမ်းကတော့ ၆၆ (ဃ) မရှိလည်း ပြစ်မှုဆိုင်ရာ ဥပဒေရှိပြီးသား။ အခု ပြည်သူ့လွှတ်တော်က လုပ်လိုက်တာကလည်း ပြစ်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တစ်ထပ်တည်း သွားလုပ်ထားတာ။ အဲဒီတော့ ဘာထူးလဲ၊ အတူတူပဲပေါ့” ဟု သတင်းထောက်များအား ပြောကြားသည်။

ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ရန် ဆွေးနွေးခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးရဲထွဋ်က “၆၆ (ဃ) ကိုတော့ မဖျက်သိမ်းဘူးပေါ့။ ဆက်ပြီးတော့ ရှိနေဦးမယ်။ အာမခံရသွားတာတစ်ခုပဲ ရှိတယ်။ ကျန်တာတွေကတော့ လွတ်လပ်စွာ ပြောဆိုခွင့်တော့မရှိဘူး။ လွတ်လပ်စွာ ရေးသားခွင့်လည်း မရှိဘူး။ မီဒီယာတွေရဲ့ လွတ်လပ်ခွင့်လည်း ထိပါးမယ်။ သဘောက ဘာမှမထူးဘူး။ အာမခံရတာပဲရှိတယ်။ အာမခံရပြီးရင် စွဲချက်တင်ခံရတာနဲ့ ဖမ်းဆီးခံရနိုင်တယ်။ အဲဒါကတော့ အဓိက အတားအဆီးပေါ့။ အားလုံးက ပြောနေကြတာ၊ ကန့်ကွက်နေကြတာလည်း အဲဒီအတားအဆီးကြောင့်ပဲ။ အသရေဖျက်မှုကလည်း ဆက်ပါနေတာပဲ။ အသရေဖျက်မှုဆိုတာက လိုသလိုလုပ်လို့ရတယ်လေ။ ရာဇသတ်ကြီးမှာ ရှိနေတယ် အသရေဖျက်မှုက။ နောက်ကင်းလွတ်ခွင့်တွေလည်းရှိတယ်။ သို့သော် ဒီမှာက အသရေဖျက်မှုပါနေတယ်ဆိုတော့ ၆၆ (ဃ) နဲ့ ၆၆ (ဃ) အောက်မှာပဲ အသရေဖျက်မှုပါတဲ့အတွက် စွပ်စွဲလိုက်တာနဲ့ ဖမ်းဆီးခံရနိုင်တဲ့ သဘောကတော့ ရှိနေဆဲပဲ။ အာမခံရမယ်ဆိုတာက ချက်ချင်းရရင်တော့ ရနိုင်တာပေါ့။ ချက်ချင်းမရရင်လည်း အချုပ်ထဲ ခဏဝင်ရင်လည်း ဝင်ရနိုင်တယ်။ ရမန်ယူပြီးတော့ချုပ်တာ။ ဒါအမှုပေါ်မှာ မူတည်တယ်။ စွပ်စွဲခံရတဲ့သူ၊ ဖမ်းဆီးခံရတဲ့သူပေါ်မှာ တည်နေမယ်လို့ထင်တယ်။ Case by Case အဲဒီလို သွားမယ်ထင်တယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲမှုမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရန်သာ ကျန်ရှိကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးပါက ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်သည်။

Most Read

Most Recent