ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည့်အပြင် အပြစ်မဲ့အရပ်သားများအတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည့်အပြင် အပြစ်မဲ့အရပ်သားများအတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 25 August 2017

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည့်အပြင် အပြစ်မဲ့အရပ်သားများအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ ဦးကျော်သိန်းက ရခိုင်ပြည်နယ် မေယုမြစ်အနောက်ဘက်ခြမ်းနှင့် နတ်မြစ်အရှေ့ဘက်ခြမ်း နယ်မြေအတွင်း အတည်တကျ နေထိုင်လျက်ရှိသော ရခိုင်၊ ခမွီး၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန် စသည့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားလူနည်းစုများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ ရဲတပ်ဖွဲ့မှ ရပ်ရွာလူ့အဖွဲ့အစည်း လုံခြုံရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းသည်။

ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက “နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ အစွန်းရောက် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ အားပေးကူညီသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသအတွင်း တိုးမြှင့်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေ ရပ်တန့်ချုပ်ငြိမ်းစေရေးနဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွက် ရေတိုရေရှည် စီမံကိန်းများဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်မှ တရားမဝင် ဝင်ရောက်မှုများ မရှိစေရန်အတွက် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ရဲတပ်ဖွဲ့စခန်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကင်းစခန်းများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂၀၁၇ ခုနှစ် သြဂုတ် ၁၆ ရက်အထိ စုစုပေါင်း ၄၆၆ မှု ဖမ်းဆီးအရေးယူ အမှုဖွင့်ခဲ့ကြောင်း၊ တရားရုံးအသီးသီးမှ ပြစ်ဒဏ်အသီးသီး ချမှတ်ပြီးသည့်အမှု ၁၁၆ မှု၊ တရားရုံးစစ်ဆေးဆဲ ၄၇ မှု၊ ရဲစစ်ဆေးဆဲ ၁၈၀ မှုနှင့် ပိတ်သိမ်းအမှု ၂၃ မှု ဆောင်ရွက်ထားရှိကြောင်း လွှတ်တော်၌ ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ အစွန်အဖျား ကျေးရွာများအား အကြမ်းဖက်မှုမခံရစေရေးအတွက် ရွာအနီးပတ်ဝန်းကျင်တွင် ကင်းပုန်းဝပ်ခြင်း၊ သတင်းစုံစမ်းထောက်လှမ်းခြင်း၊ ကင်းစခန်းများတွင် လုံလောက်သည့်လူ၊ လက်နက်အင်အားများ ဖြည့်တင်းခြင်း၊ ရဲစခန်းမရှိသေးသည့် ကျေးရွာများတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု မရှိစေရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းများနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးခြားသတင်းရရှိပါက ချက်ချင်းသွားရောက်ကာ နယ်မြေရှင်းလင်းခြင်း၊ အရေးယူ ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက် တရားခံပြေးများနှင့် အကြမ်းဖက်သမားများ၏ ကိုယ်ရေးအချက်အလက်များနှင့် လိပ်စာများရယူပြီး စုံစမ်းဖော်ထုတ်ကာ အကြမ်းဖက်သတင်းများ ဖော်ထုတ်ရရှိပါက မည်သည့်နေရာဒေသဖြစ်စေ ချက်ချင်းသွားရောက်ကာ နယ်မြေရှင်းလင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent