မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးဆိပ်ကမ်းနှင့် ရွှေကြက်ယက်ဆိပ်ကမ်းတို့ကို အဆင့်မြှင့်တင် တည်ဆောက်ရန် နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးဆိပ်ကမ်းနှင့် ရွှေကြက်ယက်ဆိပ်ကမ်းတို့ကို အဆင့်မြှင့်တင် တည်ဆောက်ရန် နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေ
Published 4 July 2018

မန္တလေးတိုင်းဒေသကြီး၏ အဓိကဆိပ်ကမ်း နှစ်ခုအနက် တစ်ခုဖြစ်သည့် ရွှေကြက်ယက်ဆိပ်ကမ်းကို နံနက်အစောပိုင်းက တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး၏ အဓိကဆိပ်ကမ်း နှစ်ခုဖြစ်သည့် မန္တလေးဆိပ်ကမ်းနှင့် ရွှေကြက်ယက် ဆိပ်ကမ်းတို့ကို စနစ်တကျ အဆင့်မြှင့်တင် တည်ဆောက်ရန် နယ်သာလန်နိုင်ငံမှ Royal Hoskening ကုမ္ပဏီနှင့် ပူးပေါင်း၍ Master Plan တစ်ခုပေါ်ထွက်လာရန် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို စနစ်တကျ ဖြစ်စေရေးနှင့် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင်တွင် မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး ဆိပ်ကမ်းဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကော်မတီများ အသီးသီး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆိပ်ကမ်းများ စနစ်တကျ ဖြစ်စေရေးနှင့် အဆင့်မြှင့်တင် တည်ဆောက်ရေးအတွက် ဆိပ်ကမ်းများ နေရာချထားရေး လုပ်ငန်းကော်မတီ၊ မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၊ ဆိပ်ကမ်းသာယာလှပရေး လုပ်ငန်းကော်မတီ စသည့်လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဦးဇာနည်အောင်က ပြောကြားသည်။

“မန္တလေးမြို့မှာ လက်ရှိအသုံးပြုနေတဲ့ ဆိပ်ကမ်းတွေက အရင်ကုန်းဘောင်ခေတ် ကာလကတည်းကနေ ယခုအချိန်အထိ ဘာမှမပြောင်းလဲသေးဘူး။ အဲဒီအတိုင်းပဲ ရှိနေသေးတယ်ဆိုတာ မန္တလေးသူ မန္တလေးသားတွေအားလုံး အသိပဲ ဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ အင်မတန် ခေတ်နောက်ကျနေပြီ။ ဒါကြောင့် ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဆိပ်ကမ်းတွေနဲ့ ပတ်သက်ပြီး ကြီးကြပ်မှု ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်သာလန်နိုင်ငံက Royal Hoskening ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ Master Plan တစ်ရပ် ထွက်ပေါ်လာဖို့ ရေးဆွဲနေပါပြီ။ စက်သုံးဆီတွေ အများဆုံး အတင်အချ ပြုလုပ်နေတဲ့ ရွှေကြက်ယက် ဆိပ်ကမ်းကိုလည်း စနစ်တကျ ဖြစ်စေဖို့ အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာပါ။ လက်ရှိအသုံးပြုနေတဲ့ ရွှေကြက်ယက် ဆိပ်ကမ်းမှာက စက်သုံးဆီတွေ အတင်အချ ပြုလုပ်နေတာက စနစ်တကျ မရှိသလို အလွန်အင်မတန် အန္တရာယ် များလွန်းပါတယ်။ ဒါကြောင့် စနစ်တကျ ဖြစ်စေဖို့ လုပ်ဆောင်သွားမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

မန္တလေးမြို့တွင် လက်ရှိအသုံးပြုလျက်ရှိသည့် ဆိပ်ကမ်းများမှာ မရမ်းခြံဆိပ်ကမ်း၊ မန္တလေးဆိပ်ကမ်း၊ ရွှေကြက်ယက် ဆိပ်ကမ်းတို့ဖြစ်ပြီး ကုန်တင်ကုန်ချဆိပ်ကမ်း၊ ပြည်တွင်း ခရီးသည် အတင်အချ ဆိပ်ကမ်းနှင့် နိုင်ငံခြားသား ခရီးသွား ဆိပ်ကမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။

အဆိုပါ ဆိပ်ကမ်းများမှ ဆိပ်ကမ်းခွန် ကောက်ခံရရှိမှု အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တို့တွင် ကျပ် ၅၉ ဒသမ ၁၄ သန်း ကောက်ခံရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၅၃၁ ဒသမ ၆၉၄ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent