ထိုင်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ အပါအဝင် ပြည်ပအလုပ်သမားများကို ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအား ဒဏ်ငွေအပြင် ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်မည်

ထိုင်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ အပါအဝင် ပြည်ပအလုပ်သမားများကို ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအား ဒဏ်ငွေအပြင် ပြည်ဝင်ခွင့် နှစ်နှစ်ပိတ်မည်
Published 4 July 2018

ထိုင်းမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်းရှိ မှတ်ပုံမတင်ရသေးသည့် နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းအာဏာပိုင်အဖွဲ့စုံက ဇူလိုင် ၁ ရက်က စတင်ဖမ်းဆီးနေပြီး ပထမဆုံးအဖြစ် နိုင်ငံခြားသား အလုပ်သမား၂၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အက်ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင် အလုပ်သမားများကို ဥပဒေအရ အရေးယူရန် ဇူလိုင် ၁ ရက်မှစတင်ပြီး ထိုင်းရဲတပ်ဖွဲ့၊ လဝက အပါအဝင် အဖွဲ့ပေါင်း ၁၁၃ ဖွဲ့ဖြင့် ထိုင်းနိုင်ငံတဝန်းရှိ စက်ရုံအလုပ်ရုံများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမား၂၂ ဦးနှင့် အလုပ်ရှင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခဲ့သည့် အလုပ်သမားများကို ဥပဒေအရ အရေးယူမည့်အပြင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် နှစ်နှစ်ပိတ်ပင်မည် ဖြစ်ကာ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင်ကိုလည်း စီမံချက်အတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ဌာနမှ ညွှန်ကြားရေးမှူးချုပ် Anurak Tossarat က ပြောကြားသည်။

“မှတ်ပုံတင်ထားခြင်း မရှိတဲ့ အလုပ်သမားတွေကိုရော သူတို့ကို မှတ်ပုံမတင်ခိုင်းခဲ့တဲ့ အလုပ်ရှင်ကိုပါ စီမံချက်အတိုင်း တိတိကျကျ ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု Anurak Tossarat က ပြောကြားသည်။ မှတ်ပုံမတင်ရသေးသည့် မြန်မာလုပ်သားများမှာ ဇွန်လလယ်မှ စတင်ပြီး ဖမ်းဆီးမှု မပြုလုပ်ခင် ဇွန် ၃၀ အထိ မြဝတီနယ်စပ် ဝင်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာမှုမှာ တစ်သိန်းခန့် ရှိနေပြီး ဇွန် ၃၀ ရက်တစ်ရက်တည်းတွင် ပြန်လာသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမားများမှာ ဥပဒေအရ ဒဏ်ငွေဘတ်ငါးထောင်မှ ငါးသောင်းထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်နှစ်နှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။

ထိုသို့ထိုင်းအစိုးရမှ လိုက်လံဖမ်းဆီးသည့် ဇူလိုင် ၂ ရက်မှာပင် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီနေ့ မဲဆောက်တစ်မြို့လုံး ဈေးသည် ၂၀ ယောက်နဲ့ အထောက်အထားမဲ့ ၇၀ စုစုပေါင်း ၉၀ ယောက် ဖမ်းဆီးခံရပါတယ်။ ညမိုးကုတ်ဂိတ်မှာ တွေ့ရတဲ့ လူ ၁၀၀ ကျော်က ကြခတ်တော ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ကြတာ ဖြစ်သလို တခြားဘုန်းကြီး ကျောင်းမှာလည်း ရှိတယ်တဲ့။၂ ရပ်ကွက်နဲ့ ၄ ရပ်ကွက်ရှိ ကျွန်းတောမှာလည်း လာရှောင်နေတာ တွေ့ရပါတယ်။ သောင်ရင်းမြစ် ကမ်းနားတစ်လျှောက်မှာရှိတဲ့ စက်ရုံအလုပ်ရုံက တရားဝင် မှတ်ပုံတင်ထားပြီး ရွှေ့ပြောင်းအလုပ်သမားက တရားမဝင် ဖြစ်နေတာရယ်၊ စက်ရုံအလုပ်ရုံရောလူပါ တရားမဝင်ဖြစ်နေတဲ့ (အိမ်တွင်းမှု အလုပ်ရုံငယ်) တွေပါ တစ်မနက်ရှောင် ညနေပြန်တဲ့ စနစ်နဲ့ပါ” ဟု ဇူလိုင်လ ၂ ရက် ည ၁၀ နာရီက ပြောကြားသည်။

ထို့ပြင်ဆောက်လုပ်ရေး၊ ပန်းရန်လုပ်ငန်းခွင်နှင့် ဈေးအတွင်း လုပ်ငန်းခွင်စက်ရုံ အလုပ်ရုံများ၌ ဖမ်းဆီးမှုများ ရှိလာခဲ့ရာ မြဝတီမြိုသို့ ရှောင်တိမ်းလာသူများလည်း ရှိကြောင်း သိရသည်။

မဲဆောက်မြို့ ဆိတ်ခြံတန်းလျားတွင် အထောက်အထားမဲ့ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မဘီက “ဒီနေ့ မနက်အစောကြီးပဲ။ အိပ်ရာက မထရသေးဘူး။ စဖမ်းပြီ။ တန်းလျားမှာ နေသူတွေကို ခေါ်ထုတ်ပြီး စစ်ဆေးပါတယ်။ ဘတ်ရှိသူ၊ CI ရှိသူ၊ ပတ်စ်ပို့ရှိသူ၊ ခြောက်ညအိပ် ခုနစ်ရက် သွားလာနေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဖမ်းဘူး။ ဘာမှမရှိသူတွေကို ဖမ်းတာ။ ပြီးနေရပ်ကို ပြန်ပို့တဲ့အတွက် ဒီကိုရောက်လာတာပါ” ဟု ပြောကြားသည်။

 

Most Read

Most Recent