လမ်းမများပေါ်တွင် ကွမ်းတံတွေးထွေးပါက ဒဏ်ငွေပေးဆောင်ရမည်ဟု ကြေညာရုံသာရှိပြီး ဥပဒေအရ ထိရောက်သည့် အရေးယူမှု မရှိဟုဆို

လမ်းမများပေါ်တွင် ကွမ်းတံတွေးထွေးပါက ဒဏ်ငွေပေးဆောင်ရမည်ဟု ကြေညာရုံသာရှိပြီး ဥပဒေအရ ထိရောက်သည့် အရေးယူမှု မရှိဟုဆို
Published 4 July 2018

အသိပညာပေးဆိုင်းဘုတ် အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံအတွင်း ကွမ်းယာစားသုံးခြင်းနှင့် ပတ်သက်၍ ပညာပေး လှုပ်ရှားမှုများနှင့် အများပြည်သူ သွားလာရာ နေရာနှင့် လမ်းများပေါ်တွင် ကွမ်းတံတွေးထွေးခြင်းနှင့် ပတ်သက်၍ ဒဏ်ငွေများ ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ဥပဒေအရ ထိရောက်သည့် အရေးယူမှု မရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“အဓိကအချက်က ဘာသွားတွေ့လဲဆိုတော့ ဆေးလိပ်၊ ကွမ်းယာတွေ လွယ်လွယ်ကူ ကူရနေတာက အဓိက။ မနက်မိုးလင်းလာလို့ ကိုယ့်အိမ်က စထွက်လိုက်တာနဲ့ မြန်မာနိုင်ငံမှာ အပေါဆုံးက ဆေးလိပ်၊ ကွမ်းယာရောင်းတဲ့ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ဖြစ်ပါတယ်။ အဓိကကတော့ ဥပဒေအားနည်းတာပေါ့။ ဆေးလိပ်သောက်မယ်၊ ကွမ်းတံတွေးထွေး ဒဏ်ငွေတစ်သောင်းကျပ် ဘယ်နှခါများ ကွမ်းတံတွေး ထွေးလိုက်လို့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူကများ ဆောင်ခဲ့ရဖူးလဲ။ ဘယ်သူမှ မဆောင်ရပါဘူး။ အဓိကက ဥပဒေ အားနည်းလာတာ ဖြစ်တဲ့အတွက် ဘယ်လိုပဲ မလုပ်ပါနဲ့ပြောပြော လုပ်နေမှာပဲ” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မကူးစက်တတ်သော ရောဂါများ နှိမ်နင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာယုသန္တာအောင်က ပြောကြားသည်။

ဘတ်စ်ကားများပေါ်နှင့် အခြားသော နေရာများတွင် ကွမ်းမစားရ၊ လမ်းမများပေါ်တွင် ကွမ်းတံတွေး မထွေးရ၊ ထွေးလျှင် ဒဏ်ငွေများ သတ်မှတ်ထားသော်လည်း အများစုမှာ လိုက်နာမှုမရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသတွင် ဆေးလိပ်သောက်သုံးသူပေါင်း ၂၄၆ သန်းခန့်ရှိပြီး ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်း (ကွမ်းယာစားခြင်း) ပြုလုပ်သူပေါင်း သန်း ၂၉၀ ရှိကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည်လည်း ကွမ်းယာစားသုံးလေ့ရှိပြီး လူဦးရေ ထောင်ပေါင်းမက သေဆုံးရန်ကာလ မတိုင်မီ သေဆုံးလေ့ရှိကြောင်း သိရသည်။

အခြားဝင်ငွေနည်းပါးသော နိုင်ငံများရှိ အမျိုးသား၊ အမျိုးသမီးများနှင့် ယောကျ်ားလေးများ၏ ဆေးလိပ် သောက်သုံးခြင်းများနှင့် ကွမ်းယာစားသုံးခြင်း နှုန်းများထက် မြန်မာနိုင်ငံက ပိုမိုသုံးစွဲလေ့ရှိကြောင်း သိရသည်။

ထုံးရည်၊ ကွမ်းသီးခြမ်းနှင့်အတူ ဆေးရွက်ကြီး အပိုင်းအစ အနည်းငယ် သို့မဟုတ် ပြုပြင်ထားသော ဆေးရွက်ကြီးထွက်ပစ္စည်း တစ်မျိုးမျိုး၊ အားလုံးပေါင်းစပ်ထားသည့် ကွမ်းယာကို  စားသုံးခြင်းသည် မြန်မာနိုင်ငံနှင့် တခြားရိုးရာ ကွမ်းစားအလေ့အထရှိသည့် နိုင်ငံများတွင် ဆက်နွှယ်သည့် ကင်ဆာရောဂါ ဖြစ်ပွားမှု များပြားလာခြင်း၏ အချက်လည်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကင်ဆာရောဂါ သုတေသန အေဂျင်စီ (IARC) မှ ကွမ်းယာ၏ ပါဝင်ပစ္စည်းများကို စစ်ဆေးရာ၌ ကင်ဆာဖြစ်ပွားစေနိုင်သော အကြောင်းရင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကွမ်းယာစားခြင်းကြောင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှု၏ ရောဂါလက္ခဏာများတွင် ပါးစပ်အတွင်း အဖြူရောင်အကွက်များ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယင်းသည် ဆက်လက် ပြန့်ပွားလာမည်ဖြစ်ကာ သိသာမြင်သာသည့် အကျိတ်ကဲ့သို့သော အရာများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent