Mytel ၏ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်တွင် ဖုန်းဘေလ်များ လက်ဆောင်ပေးခြင်းသည် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းကြောင့် ဆုကြေးများ ပြောင်းလဲမည်

Mytel ၏ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်တွင် ဖုန်းဘေလ်များ လက်ဆောင်ပေးခြင်းသည် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းကြောင့် ဆုကြေးများ ပြောင်းလဲမည်
Published 4 July 2018

Mytel ၏ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်တွင် အင်တာနက်အသုံးပြုရန်နှင့် SMS ပေးပို့ခြင်းအတွက် ဖုန်းဘေလ်များ လက်ဆောင်ပေးခြင်းသည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အချက်အလက်များနှင့် မကိုက်ညီခြင်းကြောင့် ဆုကြေးများ ပြောင်းလဲပေးအပ် သွားမည်ဖြစ်ကြောင်း Mytel မြန်မာကုမ္ပဏီမှ သိရသည်။

Mytel အနေဖြင့် ဆင်းကတ်များ စတင်ရောင်းချသည့်အချိန်မှ စတင်ကာ “ရှိတ်” ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ပရိုမိုးရှင်းကာလမှာ သြဂုတ် ၉ ရက်အထိဖြစ်သည်။ Mytel အသုံးပြုသူများအနေဖြင့် “ရှိတ်” အစီအစဉ်ကို အသုံးပြုပြီး နေ့စဉ်ဖုန်းဘေလ်များ ရရှိသည့်အတွက် အသုံးပြုသူများ စိတ်ဝင်စားသည့် ပရိုမိုးရှင်း အစီအစဉ်တစ်ခု ဖြစ်သည်။ ပရိုမိုးရှင်း လက်ဆောင်အနေဖြင့် ဖုန်းဘေလ်နေရာတွင် မော်တော်ကား၊ တီဗွီ၊ စမတ်ဖုန်း၊ ပညာတော်သင် အစီအစဉ်များကို ပြန်လည် အစားထိုးပေးထားပြီး တနင်္လာနေ့တိုင်း ကံစမ်းမဲ ပေါက်သူများကို ကြေညာပေးသွားမည် ဖြစ်သည်။

“အစ်မတို့ကို ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ထပ်မလုပ်ဖို့အတွက် အစ်မတို့ကို ပြောထားတယ်။ ဒါပေမဲ့ အစ်မတို့ ‘ရှိတ်’ အစီအစဉ်ကတော့ရှိတယ်။ ဆုကြေးတွေပဲ ပြောင်းလဲသွားမယ်။ အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အစ်မတို့က လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိုမိုးရှင်း အစီအစဉ်ကတော့ ရှိနေပါသေးတယ်။ ဆုကြေးတွေကိုပဲ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်ပြီးရင် နောက်ထပ် ဒီထက်ပိုကောင်းတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို ပြုလုပ်ဖို့ ရှိပါတယ်” ဟု Mytel မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပရိုမိုးရှင်း အစီအစဉ်ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်တွင် ဆက်လက်ဝန်ဆောင်မှု ပေးအပ်ခြင်းမပြုရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တားမြစ်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ပရိုမိုးရှင်း အစီအစဉ်ကို ပြောင်းလဲဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်သည်။

Mytel အနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းကတ်ပေါင်း သုံးသန်းကျော် ဖြန့်ချိထားပြီး လာမည့် ၂၀၂၀ တွင် အသုံးပြုသူပေါင်း ငါးသန်းကျော်ထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင် တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ထားပြီး၂၀၁၈ နှစ်ကုန်အထိ တာဝါတိုင် ၆၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Mytel အနေဖြင့် ပထမဆုံး ဖုန်းခေါ်ဆိုမှု စမ်းသပ်ခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်က နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် ဆင်းကတ်များကို စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းကတ်မိတ်ဆက် အသုံးပြုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent