အကျဉ်းထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမိုလက်ခံ နေသည့်အတွက် ကူးစက်ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေများနေ

အကျဉ်းထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမိုလက်ခံ နေသည့်အတွက် ကူးစက်ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေများနေ
Published 4 July 2018

အင်းစိန်အကျဉ်းထောင်ဝင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေကို ဝင်ဆံ့နိုင်သည်ထက် ပိုမိုလက်ခံနေရသည့်အတွက် ကူးစက်ရောဂါများ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေ များပြားနေကြောင်း အကျဉ်းထောင်များအတွင်း လိုအပ်နေသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထောက်ပံ့ကူညီနေသည့် 3MDG မှ သိရသည်။

မြန်မာနိုင်ငံတွင် ထိခိုက်အလွယ်ဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အလှမ်းဝေးကွာနေသော သူများထဲတွင် အကျဉ်းသားများလည်း ပါဝင်ကြောင်း၊ ထိုသူများအနေဖြင့် အချို့သောရောဂါ ကာကွယ်ရေးနှင့် ဆေးဝါးကုသမှုများကို ရယူနိုင်ရန် အကန့်အသတ်များလည်း ရှိနေပြီး အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ကူးစက်ရောဂါများဖြစ်သော တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ အသည်းရောင် အသားဝါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေ များပြားလျက်ရှိကြောင်း သိရသည်။

3MDG အနေဖြင့် လက်ရှိအကျဉ်းထောင်များအတွင်း အသည်းရောင်အသားဝါ၊ အိပ်ချ်အိုင်ဗွီ၊ တီဘီရောဂါများ စစ်ဆေးကုသခြင်း အပါအဝင် လိုအပ်သော ကျန်းမာရေး အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက်က မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဆောက်လုပ်ပေးနေသည့် ကျန်းမာရေး အခြေခံ အဆောက်အအုံများအနက် ကချင်ပြည်နယ် မြစ်ကြီးနားရှိ အကျဉ်းထောင်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကျန်းမာရေး ဆေးခန်းအား ပြည်ထဲရေး ဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“အခုလို အကျဉ်းထောင်တွေမှာ ကျန်းမာရေး ဆေးပေးခန်းတွေ ဆောက်လုပ်ပေးတဲ့အတွက် အဓိက ပြောင်းလဲသွားမယ့် အရာတွေက အကျဉ်းသားတွေအနေနဲ့  လူသားတိုင်း တန်းတူခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး တစ်ရပ်ဖြစ်သော ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေကို ပိုပြီးနားလည် သဘောပေါက်နိုင် သွားမှာပဲ ဖြစ်ပါတယ်။ 3MDG အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းအကြား ခွဲခြားနှိမ့်ချ ဆက်ဆံခံနေရပြီး ထိခိုက်အလွယ်ဆုံးဖြစ်တဲ့ ပြည်သူတွေအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုမိုလက်လှမ်းမီ ရရှိနိုင်စေဖို့ အဓိက ဦးစားပေး လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု 3MDG ရန်ပုံငွေအဖွဲ့ အကြီးအကဲဖြစ်သူ Tomas Lundstrom က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းများမှ ထိခိုက်အလွယ်ဆုံးဖြစ်သည့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးနိုင်ရန် အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနှင့် မန္တလေး အကျဉ်းထောင်များရှိ ကျန်းမာရေး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ကို ၂၀၁၇ ခုနှစ် အတွင်းက စတင်တည်ဆောက် ပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် 3MDG ၏ မိတ်ဖက် အဖွဲ့အစည်းတစ်ခုမှ အကျဉ်းထောင်အတွင်း နာတာရှည်ရောဂါ စီမံခန့်ခွဲရေး၊ အသည်းရောင် အသားဝါဘီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်း၊ အိပ်ချ်အိုင်ဗွီပိုးနှင့် တီဘီရောဂါ စစ်ဆေးကုသပေးခြင်း၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

3MDG သည် အဆိုပါ အကျဉ်းထောင်များတွင် ကျန်းမာရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် အင်းစိန်ထောင်တွင် ဓာတ်ခွဲခန်း တိုးချဲ့ပြင်ဆင်ခြင်းတို့အတွက် ရန်ပုံငွေ ပံ့ပိုးပေးလျက်ရှိပြီး အဆိုပါ အဆောက်အအုံများသည် အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် လူ့စွမ်းအား အရင်းအမြစ် လိုအပ်မှုနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေကာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရန် 3MDG သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ UNODC, UNAIDS, WHO နှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent