ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံခြား ရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် နိုင်ငံသား ကုမ္ပဏီများအား မှတ်ပုံတင်ခွင့်ပြု

ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံခြား ရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် နိုင်ငံသား ကုမ္ပဏီများအား မှတ်ပုံတင်ခွင့်ပြု
Published 4 July 2018

မြန်မာ့ကမ်းလွန်ရှိ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)

ကုန်းပိုင်းနှင့် ကမ်းလွန်လစ်လပ် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသား ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာနက အသိပေး ကြေညာထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ကုန်းပိုင်းနှင့် ကမ်းလွန် လစ်လပ်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ဖြင့် လည်းကောင်း၊ ရေနံတိုးတက် ထုတ်ယူရရှိရေး စာချုပ်ဖြင့် လည်းကောင်း၊  နိုင်ငံခြား ရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြား ရေနံကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကိုလည်း ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း နည်းပညာရပ်များကို လည်းကောင်း၊ နိုင်ငံတကာ ရေနံလုပ်ငန်း အတွေ့အကြုံများကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ရရှိစေရေးကို လည်းကောင်း ရည်ရွယ်ချက်ထားရှိကာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက် စေမည်ဖြစ်သည်။

နိုင်ငံခြား ရေနံကုမ္ပဏီများနှင့်အတူ အစုရှယ်ယာ ထည့်ဝင်ရင်းနှီးမြှုပ်နှံ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရှိရန် လိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့်စပ်လျဉ်း၍ အတွေ့အကြုံရှိသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာနသို့ အချက်အလက်များ ပြည့်စုံစွာဖြင့် လူကိုယ်တိုင်ဆက်သွယ်၍ စာရင်းပေးသွင်း မှတ်ပုံတင် ထားရှိနိုင်ပါကြောင်း အသိပေး ကြေညာထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသား ကုမ္ပဏီများအား မှတ်ပုံတင်နိုင်ရန် လျှောက်လွှာပုံစံကို ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာနတွင် ရယူနိုင်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ခွင့်ပြုခဲ့သော ကမ်းလွန် (ကမ်းနီး၊ ကမ်းဝေး) ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများအနက် အမှန်တကယ် ရှာဖွေတိုင်းတာမှုများ လုပ်ဆောင်နေသော လုပ်ငန်းများကို လေ့လာရေးကာလ တိုးမြှင့်ခွင့်ပြုထားပြီး နောက်ထပ်ခေါ်ယူမည့် တင်ဒါများတွင် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်များ ပြင်ဆင်ချုပ်ဆို သွားမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် မတ်လအတွင်း ပြောကြားခဲ့သည်။

Most Read

Most Recent