နေပြည်တော်၌ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

နေပြည်တော်၌ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 4 July 2018

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားနေစဉ်

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်  ဇူလိုင် ၃ ရက်က ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူသားအချင်းချင်း ဆက်ဆံတတ်ဖို့သည် အဓိကနိုင်ငံ၏ တိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“လူသားအချင်းချင်း ဆက်ဆံတတ်ဖို့က အဓိကကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် လိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒါကို အမျိုးသမီးများက သင်ပေးရမယ်။ ကိုယ့်ရဲ့သားသမီး၊ ကိုယ့်ရဲ့မြေးတွေဟာ လူသားတွေအချင်းချင်း ဆက်ဆံမှုပိုပြီးတော့ ကြီးထွားအောင်လို့ပိုပြီးတော့ ကောင်းမွန်အောင်လို့ လုပ်ချင်တဲ့စိတ်နဲ့ဖြစ်အောင်လို့ အချင်းချင်းပူးပေါင်းမယ့်အစား ထိုင်ပြီးတော့ ကိုယ့်ရဲ့ကွန်ပျူတာလေးနဲ့  ကိုယ့်ရဲ့ဖုန်းလေးနဲ့ပဲ ဆက်သွယ်နေမယ်ဆိုရင် လူ့အသိုင်းအဝိုင်းအတွက် အများကြီးတော့ အကျိုးပြုမှာမဟုတ်ပါဘူး။ နည်းပညာတွေ အများကြီးရမယ်။ ဗဟုသုတတွေ အများကြီးရမယ်။ သို့သော် ကောင်းတဲ့ဗဟုသုတလား၊ ဆိုးတဲ့ဗဟုသုတလားခွဲလို့  မရတော့ဘူး။ အားလုံးဝင်လာတယ်။ ဒါကြောင့် ကိုယ့်ဖာကိုယ်အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားတတ်တဲ့ စိတ်ဓာတ်၊ ခွဲခြားချင်တဲ့ ဆန္ဒရှိအောင်လို့တော့အားလုံးကို သင်ပေးစေချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသမီးများအနေဖြင့် အမျိုးသမီးနေ့ကို အသိအမှတ်ပြုပါက အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးရပိုင်ခွင့်နှင့် အမျိုးသမီး လုပ်ပိုင်ခွင့်များအား အများအတွက် မည်ကဲ့သို့သုံးမည်ဆိုသည်ကို စဉ်းစားစေလိုကြောင်း၊ အမျိုးသမီးများ အခွင့်အရေးနှင့် အခွင့်အလမ်းများ ပိုပြီးရလာပါက အားလုံးအတွက် ဘယ်လိုကောင်းစေရန် ပိုပြီးလုပ်နိုင်မည်ကို စဉ်းစားစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ဟာ အမျိုးသမီးရော၊ အမျိုးသားရော၊ ကလေးတွေရော၊ နိုင်ငံတစ်နိုင်ငံမှာ လူ့အသိုင်းအဝိုင်းအပေါ်မှာ အားလုံးပူးပေါင်းပြီးတော့ ညီညီညွတ်ညွတ်ရှိမှ ဒီအသိုင်းအဝိုင်းဟာ တိုးတက်နိုင်မယ်။ ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တွေဟာ အားလုံးသိပါတယ်။ ကျွန်မတို့က ဓနအင်အားမှာလည်း အင်မတန်မှ အားနည်းပါတယ်။ နောက်ပြီးတော့လည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစ်လျှောက်စိတ်ဓာတ်ရေးရာဘက်မှာလည်း အားရှိသင့်သလောက် မရှိသေးပါဘူး။ ကြိုးစားရမယ့်နေရာတွေက အများကြီးပါ။ ဒီလိုကြိုးစားခွင့်ရတာကို ဂုဏ်ယူပါ။ ကြိုးစားခွင့်ရတာကို ဝမ်းသာပါလို့ ထပ်တလဲလဲ သတိပေးအပ်ပါတယ်။ တစ်ခါတစ်လေ ကျွန်မတို့ပြည်သူပြည်သားတွေက ငါတို့မှာလည်း ဆင်းရဲတဲ့နေရာမှာ ကြီးလာရဲ့လေးခြင်း၊ မွေးလာရလေခြင်းဒီလို ခက်ခဲတဲ့အချိန်အခါမှာ ကြီးပြင်းလာရလေခြင်းဆိုတဲ့ အဲဒီလိုညည်းညူတာတွေကိုလည်း

ကျွန်မတို့ကြားရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲတွေနဲ့ရင်ဆိုင်ရမှ ကိုယ့်ရဲ့အစွမ်းအစတွေ ထုတ်သုံးပြီးတော့ အများအကျိုးအတွက် လုပ်ပေးနိုင်မယ့် အခွင့်အရေးရမှာပါ။ကျွန်မတို့ ဒီအခွင့်အရေးတွေကို အကောင်းဆုံးဖြစ်အောင်လို့ လုပ်စေချင်တယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အမျိုးသမီးများ၏ အစဉ်အလာအရ သားသမီးများ၏ ပြုစုပျိုးထောင်နည်းအား ဘယ်တော့မှ မမေ့စေလိုကြောင်း၊ ပြုစုပျိုးထောင်နည်းသည် စာမေးပွဲအောင်ရန်နှင့် ဂုဏ်ထူးအများအပြား ရရှိရန်သည် အဓိက မဟုတ်ကြောင်း၊ မှန်ကန်သည့်စိတ်ထားများဖြင့် ကလေးများကြီးပြင်းလာစေရန် ရှုံးနိမ့်မှုနှင့် အောင်မြင်မှုအား တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လူသားတိုင်းလူသားတိုင်းဟာ ရှုံးနိမ့်မှုနဲ့ အောင်မြင်မှုရဖို့အတွက်ကို အဆမတန် တုန်လှုပ်ခြင်းမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ လူလောကကြီးဟာ အင်မတန်မှ ပိုပြီးတော့ အေးချမ်းသွားပါလိမ့်မယ်။ ရှုံးနိမ့်မှုကိုကြောက်ကြတယ်။ ရှုံးနိမ့်မှုဖြစ်လို့ရှိရင် ဒီဟာကိုဝမ်း နည်းပက်လက်ဖြစ်ကြတယ်။ အောင်နိုင်မှုကို လိုလားကြတယ်။ အောင်နိုင်မှုရှိတဲ့သူတွေက မော်ကြွားကြတယ်။ အောင်နိုင်မှုရတဲ့သူတွေက ရှုံးတဲ့သူတွေကို အထင်သေးကြတယ်။ ဒါတွေဟာ ကျွန်မတို့အတွက် လောဘ၊ ဒေါသ တွေပွားစေတဲ့ကိစ္စ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ် မှန်မှန်တိုးတက်သွားရန် အရေးကြီးကြောင်း၊ ယခုနှစ်သည် ယခင်နှစ်ထက်ဖြစ်မြောက်မှု မရှိပါက ယခုနှစ်ပိုပြီး ကြိုးစားရမည်ဖြစ်ကြောင်း၊ အသက်ရှင်နေသ၍ အခွင့်အလမ်းများ အမြဲရှိနေသည့်အတွက် တိုးတက်နိုင်ရန် အခွင့်အလမ်းများရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent