အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု တရားလို မော်ဒယ် စူးရှထက်ကို ဆက်လက်စစ်ဆေး

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်အမှု တရားလို မော်ဒယ် စူးရှထက်ကို ဆက်လက်စစ်ဆေး
Published 3 July 2018

အဆိုတော် အစ္စဏီအား ဇူလိုင် ၂ ရက်ရုံးချိန်းတွင် တာမွေမြို့နယ် တရားရုံး၌ တွေ့ရစဉ်

အဆိုတော် အစ္စဏီနှင့် မော်ဒယ် စူးရှထက်တို့အမှုတွင် တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ကို ဇူလိုင် ၂ ရက်က တာမွေမြို့နယ် တရားရုံး၌ ဆက်လက် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ၌ ပြီးခဲ့သည့် ၂၅ ရက် ရုံးချိန်းက စွပ်စွဲခံရသူ အစ္စဏီဘက်မှ သက်သေခံအဖြစ် တင်သည့်ဗွီဒီယိုတစ်ခုကို တရားရုံးက လက်ခံခဲ့ကြောင်း၊ ယင်းဗီဒီယို၌ အခင်းဖြစ်ပြီးနောက် ဧပြီ ၁၂ ရက်တွင် မော်ဒယ် စူးရှထက်က ရဲထံသို့ ရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်း အပ်ခဲ့စဉ်က ကော်ဇလုံတစ်ခုမှာ ဆယ်လီဆဲဗင်း ရုပ်သံကရိုက်ကူးသည့် မော်ဒယ် စူးရှထက်နှင့် ၁၃ ရက် အင်တာဗျူးတွင်လည်း ပါဝင်နေကြောင်း၊ အကြောင်းအရာအချို့ကိုလည်း ပေါ်လွင်အောင် စစ်ဆေးခဲ့ကြောင်း အစ္စဏီ၏ ရှေ့နေ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ) က မီဒီယာများ၏ မေးမြန်းမှု ဖြေကြားသည်။

“ကျွန်တော်တို့ ဒီနေ့ ပထမရုံးချိန်းတုန်းက ၁၃ ရက်မှာ ဆယ်လီဆဲဗင်း သူ့ရဲ့မျက်နှာ ဝေေ၀ဝါးဝါးလေးနဲ့ တင်ထားတာ။ အဲဒါကို ရုံးတော်က သက်သေခံအဖြစ် လက်ခံပါတယ်။ လက်ခံပြီးတော့ ဘာဖြစ်လဲဆိုတော့။ သက်သေခံ (ခ) ပေါ့။ သူပြောထားတာ။ ရှာဖွေပုံစံမှာ ဘာတွေအပ်ထားလည်း ဆိုတော့ သူ့ရဲ့ အင်္ကျီအပ်ထားတယ်။ တဘက် အပ်ထားတယ်။ မှန်ကွဲစတွေ။ ရေဇလုံအပြာကို အပ်ထားတယ်။ ၁၂ ရက်မှာ အပ်တာ။ ဒါပေမဲ့ ဆယ်လီဆဲဗင်းမှာ ရိုက်ကူးခံရတာ ၁၃ ရက်။ ရှာဖွေပုံစံနဲ့ ၁၂ ရက်မှာ အပ်ထားတဲ့ ဒီကော်ဇလုံ အပြာကြီးကိုယ်တိုင်က ဘာကြောင့်ရှိနေလဲ့ ဆိုတာတော့ တရားလိုကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ကျွန်တော်တို့က အမှန်တရားကို ဆက်လက်ဖော်ထုတ်ဖို့ နောက်ရုံးချိန်းမှာ ဆက်ဖော်ထုတ်မှာပါ”ဟု အစ္စဏီ၏ ရှေ့နေ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ) က ဖြေကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ အခြားကိစ္စများကို တရားသူကြီး အမိန့်မချသေး၍ ပြောမရသေးကြောင်း မော်ဒယ် စူးရှထက် က မီဒီယာများကို ဖြေကြားသည်။

လာမည့် ရုံးချိန်းကို ဇူလိုင် ၉ ရက်တွင် ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုတော်အစ္စဏီကို တာမွေမြို့နယ် တရားရုံး တွဲဖက်မြို့နယ် တရားသူ ကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ် မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် စွဲဆိုထားကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ်အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီ အရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော်ခန့်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်တွင် အဆိုတော်အစ္စဏီက မော်ဒယ်အမျိုးသမီး အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ်အမျိုးသမီး ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရို တိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ် လက်သန်းခွံများကို လှန်ချိုးခြင်းတို့ ပြုလုပ်သဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီက ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာ ရခဲ့ကြောင်း၊ ထို့နောက် မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါး လော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent