တောင်ကြီး၌ဖမ်းမိခဲ့သည့် ကျပ်သိန်း ၈၀၀၀ ကျော် မူးယစ်ဆေးဝါးအမှု ကွင်းဆက်အဖြစ် ရန်ကုန်၌ ထပ်မံဖမ်းမိ

တောင်ကြီး၌ဖမ်းမိခဲ့သည့် ကျပ်သိန်း ၈၀၀၀ ကျော် မူးယစ်ဆေးဝါးအမှု ကွင်းဆက်အဖြစ် ရန်ကုန်၌ ထပ်မံဖမ်းမိ
Published 3 July 2018

Photo ရဲဇာနည် Facebook

ကျပ်သိန်း ၈၀၀၀ ကျော် မူးယစ်ဆေးဝါး များ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဖမ်းဆီးရမိခဲ့သည်ကို စစ်ဆေးရာမှ ရန်ကုန်မြို့၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၂၉ ရက် ည ၇ နာရီခန့်က ကလောမြို့အထွက် ရေယားကျေးရွာအနီး ကလော-သာစည်သွားကားလမ်း၌ စိုင်းပန်း (ခ) အိုက်ပန်းနှင့် ဆန်းကော (ခ) လုံးကော ဆိုသူနှစ်ဦးကို ဘိန်းဖြူဘလောက်တုံး ၁၀၀ (အလေးချိန် ၃၅ ကီလို) တစ်ကီလိုလျှင် ကျပ်သိန်း ၁၅၀ ဖြင့် တန်ဖိုးငွေ ကျပ် ၅၂၅၀ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀၊ လက်ကိုင်ဖုန်း နှစ်လုံး၊ မော်တော်ယာဉ်နှင့်အတူ တောင်ကြီး မူးယစ်တပ်ဖွဲ့စု (၂၅) က ဖမ်းဆီးခဲ့ကြောင်း၊ ဇွန် ၃၀ ရက်တွင် စိုင်းပန်း (ခ) အိုက်ပန်းနေထိုင်သည့် တောင်ကြီးမြို့ နေအိမ်ကို ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများမတွေ့ရှိဘဲ နေအိမ်ကို မနန်းမြလင်းဟုန်ဆိုသည့် အမျိုးသမီးတစ်ဦးထံသို့ ရောင်းချထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့် နန်းမြလင်းဟုန်၏ နေအိမ်၌ရှာဖွေရာ အိုက်စ်တစ်ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံး၊ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ကွင်းဆက်ပေါ်ပေါက်ချက်များအရ ဇူလိုင် ၁ ရက်တွင် မနန်းမြလင်းဟုန် ဝယ်ယူထားသည်ဆိုသော ရန်ကုန်မြို့ လှိုင်မြို့နယ်မှ တိုက်ခန်းတစ်ခန်းသို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ အိပ်ခန်းရှိ ဗီရိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent