သီလဝါဆိပ်ကမ်းရှိ ဂျပန်အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်ဆိပ်ကမ်းနောက်ခံဧရိယာတွင် ကုန်သေတ္တာလွင်ပြင် ထပ်မံတည်ဆောက်မည်

သီလဝါဆိပ်ကမ်းရှိ ဂျပန်အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်ဆိပ်ကမ်းနောက်ခံဧရိယာတွင် ကုန်သေတ္တာလွင်ပြင် ထပ်မံတည်ဆောက်မည်
Published 3 July 2018

ကုန်တွင်းဆိပ်ကမ်းတစ်ခု ဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်

သီလဝါဆိပ်ကမ်းရှိ၊ ဂျပန်အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ကုန်သေတ္တာနှင့် အထွေထွေကုန်တင်ဆိပ်ကမ်း၏ နောက်ခံဧရိယာတွင် ကုန်သေတ္တာလွင်ပြင်အား ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

သီလဝါဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေကွက် ၂၅၊ ၂၆ ၌ ဂျပန်နိုင်ငံ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းမျာလာမည့်ဒီဇင်ဘာလတွင် ပြီးစီးနိုင်မည်ဖြစ်ပြီး ၂၀၁၉ နှစ်ဆန်းပိုင်းတွင် သင်္ဘောများ စတင်ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ သီလဝါဒေသမြေကွက် ၂၅ နဲ့ ၂၆ ပေါ်မှာ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ စီမံကိန်းလုပ်ငန်းတွေပြီးစီးမယ်လို့ ခန့်မှန်းထားတယ်။ အခုက နောက်ခံဧရိယာမှာ ကုန်သေတ္တာလွင်ပြင်ကို ဆက်ပြီးတည်ဆောက်သွားပါမယ်။ ပြီးတာနဲ့ ကျန်တဲ့မြေကွက်၂၂၊ ၂၃ နဲ့ ၂၄ ပေါ်မှာ ဆိပ် ကမ်းသစ်တွေ ဆက်ပြီးတည်ဆောက်သွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုး ငြိမ်းအေးက ပြောကြားသည်။

မြန်မာ့ဆိပ် ကမ်းအာဏာပိုင် မြေကွက်အမှတ် ၂၅ နှင့် ၂၆ တွင် ဂျပန်နိုင်ငံအိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဆိပ်ကမ်းတည်ဆောက်မှုတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာအဆောက် အအုံများ တည်ဆောက်ခြင်းတို့ပါဝင်ပြီး စီမံကိန်းပထမအဆင့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှုအကူအညီဖြစ်သည့် ဂျပန်ယန်း ၂၃၆၈၀ မီလီယံဖြင့် တည်ဆောက်နေသည့် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများတွင် ၄၀၀ မီတာ _ ၄၀ မီတာရှိ ပင်မတံတား (Steel Jacket Type)၊ ၈၀-၉၀ မီတာ × ၁၅-၂၀ မီတာရှိ ချဉ်းကပ်တံတားသုံးစင်း၊ ဆိပ်ကမ်းဆိုင်ရာ နောက်ခံမြေ ၃၇ ဧကပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်စက်ကိရိယာများဖြစ်သည့် Quay Crane နှစ်စင်း၊ RTG ခြောက်စင်း၊ Reach Stacker သုံးစင်း၊ Trailer ခြောက်စင်းနှင့် Chassis ခြောက်စင်းတို့အား ဝယ်ယူတပ်ဆင်ခြင်းတို့ပါဝင်ကြောင်း သိရသည်။

စီမံကိန်းတည်ဆောက်ရေးကာလမှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် စီမံကိန်းလုပ်ငန်းများ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စီမံကိန်း လုပ်ငန်းများပြီးစီးမည် ဖြစ်သည်။

သီလဝါဧရိယာအခြေခံအဆောက်ဦးများ ဖွံ့ဖြိုးတိုးတက်ရေးသီလဝါဆိပ်ကမ်းဒေသသို့ ရန်ကုန်ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရေး စီမံကိန်းပထမအဆင့်အတွက် ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့အကြား ချေးငွေစာချုပ်များကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် စာချုပ်ချုပ်ဆို၍ စီမံကိန်းအတွက် အတိုင်ပင်ခံ အဖွဲ့အစည်းအဖြစ် နီပွန်ကိုအိကုမ္ပဏီမှ Consulting Services လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် နီပွန်ကိုအိကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

တည်ဆောက်ရေး ကန်ထရိုက်တာအတွက် ၂၀၁၅ ခုနှစ်တွင် Price Bid Opening ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေး ကန်ထရိုက်တာအဖြစ် စီစစ်ရွေးချယ်ခဲ့သော ToYO JFEE Joing venture နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ နှစ်ဖက်သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent