မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုး
Published 3 July 2018

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့သည် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်းပူးတွဲ ကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်လက်မှတ်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းရှင်များဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် ကျင့်ဝတ်ရေးဆွဲရေးခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးရာတွင် ကော်မရှင်က ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အချက်များနှင့်  သက်ဆိုင်ရာလုပ်ငန်းအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲလိုက်နာကျင့်သုံးရေးတို့ကို တိုက်တွန်းဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးတယ်။ အဲဒီလို စဉ်ဆက်မပြတ် တိုးတက်ဖို့နဲ့ပတ်သက်လာရင် ဥပဒေတွေ လေးစားလိုက်နာဖို့ လိုတယ်။ကျွန်တော်တို့ အနေနဲ့ နှစ်ဦးနှစ်ဖက်ပူးပေါင်းပြီးတော့ အချက်လေးချက်လုပ်ဖို့ ကတိကဝတ်ပြုထားပါတယ်။ ဒါကဘာလဲဆိုရင် ၂၀၁၃ ရယ်၊ UNCAC  ရယ်၊ ပြီးတော့မှ အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆက်ဆံနိုင်တဲ့ ကွန်ရက်တွေ ထူထောင်နိုင်ဖို့၊ မြန်မာပြည်မှာ ရှိနေတဲ့ UNGC  ကွန်ရက်တွေမှာ ပေါင်းစပ်ဖို့ရယ်၊ ကုန်သည်ကြီးများအသင်းမှာ ပါဝင်တဲ့ ကုမ္ပဏီတွေမှာ CoC ရေးထိုးဖို့ရယ်။ နောက်ဆုံးအနေနဲ့ အဖွဲ့နှစ်ခုက ဒါနဲ့ပတ်သက်လို့ အသိတရား တိုးပွားအောင် အခါရှိသရွေ့ အလုပ်တွေလုပ်ဖို့ ကတိကဝတ် ထိုးခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ဆက်လက်၍ ကုန်သည်စက်မှု အသင်းချုပ်အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က Developing Code of Conduct on Business Intergrity ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းခြင်း နှင့် ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

“နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေကို လိုက်နာကျင့်သုံးဖို့ လိုတယ်။ နောက်ပြီးတော့ UN က သတ်မှတ်ထားတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းတွေကိုလည်း လိုက်နာဖို့လိုတယ်။ နောက်တစ်ချက်က ဒီကွန်ရက်ထဲမှာ အားလုံးအပြန်အလှန် လှုံ့ဆော်သွားဖို့လိုတယ်။ အခုကတော့ Global Compact နဲ့ပတ်သက်ပြီးတော့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒါတွေကို ပိုပြီးစောပြီးတော့ အဂတိတိုက်ဖျက်မှုကို ဒီထက်ပိုပြီးတော့ မဖြစ်အောင် ဝိုင်းဝန်းဆော်သြဖို့ ိုတယ်။ အဓိက,ကတော့ နည်းပညာတွေ၊ အသိပညာတွေ ပိုပေးရမယ်၊ သင်တန်းတွေအများကြီး တောက်လျှောက်ပေးဖို့ လိုပါတယ်။ အခုဒီ ပြည်တွင်းက လုပ်ငန်းရှင်တွေတင် မဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းတွေကအစ CPU တွေနဲ့ လုပ်မယ်ဆိုတော့ အင်မတန်ကောင်းမွန်တယ်။ အဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့လုပ်မယ်ဆိုရင် အားလုံးအတွက် အဂတိလိုက်စားမှုက တဖြည်းဖြည်း လျော့နည်းသွားမယ်လို့တော့ မျှော်လင့်ပါတယ်။ အဲဒီအတွက် အန်ကယ်တို့က စိတ်ဝင်တစားနဲ့ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မီဒီယာများကို ပြောကြားသည်။

ထို့နောက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် CPU  ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အဂတိလိုက်စားမှုဆန့် ကျင်ခြင်းပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားနှင့် ဟောပြောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိ ယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent