တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော်နှင့် သေဆုံးသူ ရှစ်ဦးအထိရှိလာရာ ဇူလိုင်လဆန်းမှစ၍ လာမည့်ရက်သတ္တပတ်များသည် ရောဂါဖြစ်ပွားမှုနှုန်းများမြင့်လာနိုင်ကြောင်း ကျန်းမာရေးဌာန သတိပေး

တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော်နှင့် သေဆုံးသူ ရှစ်ဦးအထိရှိလာရာ ဇူလိုင်လဆန်းမှစ၍ လာမည့်ရက်သတ္တပတ်များသည် ရောဂါဖြစ်ပွားမှုနှုန်းများမြင့်လာနိုင်ကြောင်း ကျန်းမာရေးဌာန သတိပေး
Published 3 July 2018

တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်နှိမ်နှင်းရေးလုပ်ငန်း လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ခုနှစ် ဇန်နဝါရီမှဇွန်လ တတိယပတ်အတွင်းတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော် သေဆုံးသူ ရှစ်ဦးအထိရှိလာရာ ယခုဇူလိုင်လဆန်းမှစ၍ လာမည့်ရက်သတ္တပတ်များသည် ရောဂါဖြစ်နှုန်း မြင့်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားသည်။

“အခုဆိုရင် သွေးလွန်တုပ်ကွေးက တစ်နှစ်ပတ်လုံးဖြစ်ပွားတယ်ဆိုပေမဲ့ မိုးရာသီဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်နှုန်းအများဆုံး ဖြစ်ပါတယ်။ အခု ဇူလိုင်လဆန်းကစပြီး လာမည့်ရက်တွေက အလွန်အရေးကြီးတဲ့ ကာလတွေဖြစ်တဲ့အတွက် သတိပေးလိုပါတယ်။ အခုတစ်နိုင်ငံလုံးမှာ ရောဂါဖြစ်ပွားသူ ၄၀၀၀ ကျော်၊ သေဆုံးသူရှစ်ဦးအထိ ရှိပါတယ်။ ဒါကြောင့် ဖြစ်ပွားနှုန်းမြင့်တက်လာတဲ့ပြည်နယ်၊ တိုင်းဒေသကြီး ငါးခုကို ဦးစားပေးဒေသတွေအဖြစ် သတ်မှတ်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို စောစောစလုပ်ခဲ့တယ်။ အခြားဒေသတွေမှာလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အားဖြည့်လုပ်ဆောင်ထားပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ရောဂါစီမံချက်) မှ ဒေါက်တာဇော်လင်းက ပြောကြားသည်။

ယခုနှစ် ပထမငါးလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇၀ ကျော်အထိ ရှိလာပြီး မိုးရာသီရောက်ရှိလာသည့်အတွက် ရောဂါဖြစ်ပွားနှုန်းများဆက် တိုက်မြင့်တက်လာကြောင်းနှင့် ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းမှာ ဇန်နဝါရီတွင် ၁၉၇ ဦး၊ ဖေဖော်ဝါရီတွင် ၁၁၃ ဦး၊ မတ်တွင် ၁၀၀ ၊ ဧပြီ တွင် ၉၉ ဦးနှင့် မေလတွင် ၁၆၂ ဦး၊ စုစုပေါင်း ၆၇၁ ဦးဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

“သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းကိုကြည့်ရင် ရန်ကုန်တိုင်းက နှစ်တိုင်းလိုလို များပါတယ်။ ဒီနှစ်ပထမ ငါးလမှာ ဖြစ်ပွားမှုနှုန်းက လူဦးရေ ၆၇၀ ကျော်ပါပြီ။ ပြီးခဲ့တဲ့နှစ်ကဆို ပထမလေးလမှာတင် ရောဂါဖြစ်ပွားသူက လေးဆနီးပါးလောက် မြင့်ခဲ့တာပါ။ ဒီနှစ်ကတော့ အရမ်း အဖြစ်မများသေးဘူး။ ဒီနှစ်အတွက်ကတော့ အဖြစ်များတဲ့ ရပ်ကွက်၊ မြို့နယ်တွေကို ရွေးချယ်ပြီး သွေးလွန်တုပ်ကွေး ဖြစ်နိုင်တဲ့ ရပ်ကွက်တွေကို ကြိုတင်ပြီး ပိုးလောက်လမ်းနှိမ်နင်းရေးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်လုံးကျွတ်လုပ်ဆောင်တယ်။ မိုးတွင်းကာလ       ဆို သွေးလွန်တုပ်ကွေးက ဖြစ်ပွားမှုနှုန်း တက်လာတာဖြစ်တဲ့အတွက် အဖြစ်များတဲ့ ရပ်ကွက်တွေကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုလည်းလုပ်တယ်။ သွေးလွန်တုပ်ကွေးက ဒီဘက်နှစ်တွေမှာ တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားတစ်ကြိမ် ကပ်အသွင်လို ဖြစ်တတ်တဲ့ အလေ့ရှိလာတယ်။ ရန်ကုန်မှာ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ရပ်ကွက်တွေက လူဦးရေများတဲ့ နေရာ၊ လူနေထူထပ်တဲ့နေရာတွေပါ။ လှိုင်သာယာ၊ဒဂုံမြို့သစ်လေးခု၊ ဒလ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်တို့အဖြစ်များတယ်။ နှစ်စဉ်လည်း ဒီနေရာတွေက အဖြစ်များပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အေးမွန်မွန်ကျော်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မေ ၆ ရက်အထိ ရရှိထားသည့်စာရင်းများအရ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာနေပြည်တော်တွင် ၁၀ ဦး၊ ကချင်တွင်တစ်ဦး၊ စစ်ကိုင်းတွင် ၃၁ ဦး၊ ပဲခူးတွင်ရှစ်ဦး၊ မကွေးတွင် ၃၁ ဦး၊ မန္တလေးတွင် ၁၀၃ ဦး၊ ရန်ကုန်တွင် ၄၂၁ ဦး၊ ဧရာဝတီတွင် ၈၅ ဦး၊ မွန်ပြည်နယ်တွင် ၁၁၉ ဦး၊ ရခိုင်ပြည်နယ်တွင် ၂၂ ဦး၊ ရှမ်းပြည်နယ်တွင် ကိုးဦးနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုမှာ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိကြောင်း သိရသည်။

ယခင်က အသက် ၁၅ နှစ်အောက် ကလေးများတွင် ဖြစ်ပွားမှုများပြားခဲ့သော်လည်း ယခုအခါ အသက် ၁၅  နှစ်အထက် လူငယ်များ၊ အသက် ၄၀ မှ ၈၀ ကြား လူကြီးများတွင်ပါ ဖြစ်ပွားမှုများပြားလာပြီး လူကြီးများတွင် ဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုး ပိုမိုများပြားကြောင်းနှင့် ယခင်က မြို့ပြဆန်သော နေရာဒေသများတွင်သာ အဓိကဖြစ်ပွားသော်လည်း ယခုအခါ ကျေးလက်ဒေသများ၊ ကျေးရွာများတွင်ပါ ပျံ့နှံ့ဖြစ်ပွားလာကြောင်း သိရသည်။

Most Read

Most Recent