ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေး ဂိတ်၌ မြို့ဝင်ကြေးပေးရန် ရပ်စောင့်နေသည့်ယာဉ်အား နောက်မှ အခြားယာဉ်တစ်စီး ဝင်တိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေး ဂိတ်၌ မြို့ဝင်ကြေးပေးရန် ရပ်စောင့်နေသည့်ယာဉ်အား နောက်မှ အခြားယာဉ်တစ်စီး ဝင်တိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
Published 3 July 2018

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်၌ ဇူလိုင် ၁ ရက် ည ၁၁ နာရီခွဲခန့်က မြို့ဝင်ကြေးပေးရန် ရပ်စောင့်နေသည့်ယာဉ်အား နောက်မှ အခြားယာဉ်တစ်စီး ဝင်တိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီးခြောက်ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း မိုင်တိုင်အမှတ် (၁၂၄/၁) ရှေ့ရှိ ဘီးလင်းမြို့ ဝင်ကြေးကောက်ခံရေးဂိတ်၌ မော်လမြိုင်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ ကျိုက်မရောမြို့ အောင်သုခရပ်ကွက်နေ ယာဉ်မောင်း ဦးမင်းမင်းဦး (၄၆ နှစ်) (ဘ) ဦးခင်မောင်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကျိုက်မရောမြို့ အောင်သုခရပ်ကွက် နေထိုင်သူများဖြစ်ကြသည့် ဦးမော်လဝီအိဗရိုင် (၈၆  နှစ်) (ဘ) ဦးမာမဲ၊ ဦးမော်နာ (၆၂ နှစ်) (ဘ) ဦးမူဆူး၊ ဦးတီလစ် (၆၄ နှစ်) (ဘ) ဦးရှော်ဖီ၊ ဦးဧခိုက် (၇၂ နှစ်) (ဘ) ဦးဟူဆင်၊ ကိုဝင်း အောင် (၃၇ နှစ်) (ဘ) ဦးတင်ရွှေ၊ ဒေါ်ချိုသီ (၆၃ နှစ်) (ဘ) ဦးဇော်လှခင်နှင့် ဒေါ်မယ်ဒီရန် (၆၂ နှစ်) (ဘ) ဦးမူဆမန်တို့ ရှစ်ဦးလိုက်ပါလာသော ယာဉ်အမှတ် Mon 2 /---- ဟိုက်ဂျက်အမျိုးအစား အဖြူရောင်ယာဉ်သည် မြို့ဝင်ကြေးပေးရန် ရပ်စောင့်နေစဉ် နောက်မှယာဉ်အမှတ် 4P/-----Tractor Head အမျိုးအစားအဖြူရောင်ယာဉ်က အရှိန်မ ထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ ဦးဧခိုက်တွင် ဝဲနားသွေးထွက်၊ ပါးစပ်သွေးထွက်၊ ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာများဖြင့်လည်းကောင်း၊ ဒေါ်မယ်ဒီရန်တွင် ပါးစပ်သွေးထွက်ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း၊ ကျန်ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူနေကြကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“အခင်းဖြစ်တဲ့အချိန်မှာ ယာဉ်အမှတ် 4P/-----Tractor Head အမျိုးအစား အဖြူရောင်ယာဉ်က ယာဉ်မောင်းကထွက်ပြေး တိမ်းရှောင်သွားတယ်လို့သိရပါတယ်။ ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသာ ယာဉ်အမှတ် 4P/-----Tractor Head အမျိုးအစား အဖြူရောင်ယာဉ်မှ ယာဉ်မောင်းအပေါ် ယာဉ် (ပ) ၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent