ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် စက်လှေပျက်ပြီးရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးအား ပြန်လည်လွှဲပြောင်းနိုင်ရေး ကောင်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရ

ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် စက်လှေပျက်ပြီးရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးအား ပြန်လည်လွှဲပြောင်းနိုင်ရေး ကောင်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရ
Published 3 July 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးအား ကောင်စစ်ဝန်လာရောက် တွေဆုံစဉ်

ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် စက်လှေပျက်ပြီး ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးအား ပြန်လည်လွှဲပြောင်းနိုင်ရေး ကောင်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

“သူတို့ကိုတော့ လောလောဆယ် ဒီမှာထိန်းသိမ်းထားတယ်။ ဘင်္ဂလားဒေ့ရှ်ကောင် စစ်ဝန်နဲ့ အဖွဲ့ကတော့ လာကြည့်စစ်ဆေးပြီး ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ပြီးသွားပြီ။ အမြန်ဆုံး ပြန်ခေါ်မယ်လို့တော့ ပြောပါတယ်။ ပြန်ခေါ်ရင်တော့ ကျွန်တော်တို့က Flag Meeting  နဲ့လွှဲဖို့ဖြစ်ပါတယ်” ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးလက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းရွှေက ဆိုသည်။

စစ်တွေမြို့မှ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နှင့် သံရုံးအကြီးအကဲ Mr.Md Shah AlomKhokon ဦးဆောင်သည့် အဖွဲ့သည် ဇွန် ၂၇ ရက်နှင့်၂၈ ရက်က မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ရုံးခိုင်သဇင်ခန်းမတွင် လှေစီးဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်းများရယူခြင်းများ၊ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။

ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ပျက်စီးနေသော စက်လှေတစ်စင်းနှင့်အတူ ဘင်္ဂါလီ ၁၀၄ ဦးအား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများကငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စိစစ်မှုများ ဆောင်ရွက်ခဲ့ရာ ယင်းတို့အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦး ပါဝင်ခဲ့ပြီး ကျန် ၉၂ ဦးမှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်မှ ဘင်္ဂါလီ ၉၂ ဦးအား ဇွန် ၁၅ ရက်က မူလကျေးရွာများသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးအား သံတမန်နည်းလမ်းဖြင့် စနစ်တကျပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် စက်လှေဖြင့်သွားရာမှ စက်လှေပျက်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်နက်မြို့နယ် နေယာဖာရောကျေးရွာမှ မီဇာနူရော်မော်မန်ဆိုသူက ပြောကြားသည်။

၂၀၁၅ ခုနှစ် မေ ၂၁ ရက်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၂၂၈ ဦး တွေ့ရှိသဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦးနှင့် ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ၇၃၄ ဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။

Most Read

Most Recent