ပြောင်းလဲထားသည့် ဘဏ္ဍာနှစ်သစ်အတွက် ဘတ်ဂျက်တင်ပြ တောင်းခံခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်မည့် ဒုတိယအကြိမ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ဇူလိုင် ၂၃ ရက်တွင် စတင်မည်

ပြောင်းလဲထားသည့် ဘဏ္ဍာနှစ်သစ်အတွက် ဘတ်ဂျက်တင်ပြ တောင်းခံခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်မည့် ဒုတိယအကြိမ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ဇူလိုင် ၂၃ ရက်တွင် စတင်မည်
Published 2 July 2018

ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ပြောင်းလဲထားသည့် ဘဏ္ဍာနှစ်သစ်အတွက် ဘတ်ဂျက်တင်ပြတောင်းခံခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများ ပြုလုပ်မည့် ဒုတိယအကြိမ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးများကို ဇူလိုင် ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေးကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နေ့လယ်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လာမည့်ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးကာလအတွင်းတွင် အောက်တိုဘာ ၁ ရက်မှ စတင်မည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် အခြားသော လွှတ်တော်ဆိုင်ရာကိစ္စများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“လာမယ့်လွှတ်တော် Section ကျွန်တော်တို့ ငွေစာရင်းပူးပေါင်းကော်မတီနဲ့ ပတ်သက်လို့ ဥပဒေသုံးခုရှိမယ်။ အဲဒါက အမျိုးသားစီမံကိန်းဥပဒေ၊ အခွန်အကောက်ဥပဒေနဲ့ ဘတ်ဂျက်ဥပဒေ။ ဒီသုံးခုကတော့ ကျွန်တော်တို့ ငွေစာရင်းပူပေါင်း ကော်မတီသည် ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်တွင် မြေယာဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ လယ်ယာမြေဥပဒေနှင့် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေများကို အတည်ပြုသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

“အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ မြေယာ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတွေရှိပါမယ်။ နောက်ပြီးတော့ လယ်ယာမြေဥပဒေတွေ ရှိပါတယ်။ မြေလွတ်မြေလပ်မြေရိုင်းကလည်း ကျွန်တော်တို့ဆီမှာ ပြီးသွားပြီ။ အမျိုးသားလွှတ်တော်ကို ပြန်လည်ပြီးတော့ ပေးပို့ထားတာရှိတယ်။ ဒါတွေကို အတည်ပြုသွားဖို့ရှိမှာပါ” ဟု ဦးကျော်စိုးလင်းက ပြောကြားသည်။

ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက်မှ ဇွန် ၂၁ ရက်အထိ အစည်းအဝေး ၁၁ ရက် ပြုလုပ်ခဲ့ပြီး ဘဏ္ဍာနှစ်ပြောင်းလဲထားသည့်အတွက် မဖြစ်မနေ ပြင်ဆင်ရေးဆွဲရမည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အပါအဝင် ဥပဒေခြောက်ခု အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဥပဒေကြမ်းလေးခုကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် အတွက် ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ခန့်အပ်လိုကြောင်း အဆိုပြုသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးနှင့် ပတ်သက်၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း၊ ဒုဝန်ကြီးတစ်ဦးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးလေးဦး ခန့်အပ်တာဝန်ပေးခြင်း ကိစ္စများကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို မေ ၁၄ ရက်မှ ဇွန် ၂၀ ရက်အထိ အစည်းအဝေး ၁၈ ရက်ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၀၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၄၅ ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အရေးကြီးအဆိုတစ်ခု၊ ဝမ်းနည်းကြောင်း အဆိုတစ်ခု အပါအဝင် အဆို ၁၃ ခု တင်သွင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဥပဒေကြမ်း ၃၇ ခုကို ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်း ၁၄ ခု အတည်ပြုခဲ့သည်။

ထို့အတူ အမျိုးသားလွှတ်တော် အစည်းအဝေးကိုလည်း ဇွန် ၁၄ ရက်မှ ဇွန် ၂၀ ရက် အထိ အစည်းအဝေး ၁၈ ရက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent