<

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်အဆောက်အအုံနှစ်ခု တစ်ဆက်တည်း တည်ဆောက်ရာတွင် Terminal 2 မှ ပြည်ပလေကြောင်းလိုင်းအားလုံး Terminal 1 သို့ ပြောင်းရွှေ့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်အဆောက်အအုံနှစ်ခု တစ်ဆက်တည်း ချိတ်ဆက် တည်ဆောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် လေဆိပ်အဆောက်အအုံနှစ်ခု တစ်ဆက်တည်း ချိတ်ဆက်တည်ဆောက်ရာတွင် Terminal 2 ရှိ ပြည်ပလေကြောင်းလိုင်းများ အားလုံးကို Terminal 1 သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်သည့် Terminal 1 နှင့် 2 ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်း အပြီးသတ်နိုင်ရန် Terminal 2 ရှိ လေဆိပ်ရုံးခန်းများ၊ လေကြောင်းလိုင်းများအား ခေတ္တပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့ နိုင်ငံတကာအဆင့်မီ လေဆိပ်တစ်ခုအဖြစ် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ရေး ကြိုးစားနေတာနဲ့အညီ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အခုလို အနှစ်သာရပြည့်ဝတဲ့ အစီအစဉ်တွေနဲ့ တုံ့ပြန်ကြိုဆိုနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ Terminal 2 က အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို Terminal 1 ကို ပြောင်းရွှေ့မှာနဲ့အညီ  အပြည်ပြည်ဆိုင်ရာ ခရီးသည်များကို ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Yangon Aerodrome Company Ltd (YACL) မှ Chief Operating Officer Mr. Jose Angeja က ရန်ကုန်လေဆိပ်သို့ ၀င်ရောက်သည့် ခရီးသွားသုံးသန်း ပြည့်မြောက်သည့် အခမ်းအနားတွင် ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း စီမံကိန်းတွင် Terminal 1 နှင့် 2 ချိတ်ဆက်ခြင်း၊ လက်ရှိလေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားရာ နေရာအား တိုးချဲ့ခြင်း၊ Cargo အဆောက်အအုံအား တိုးချဲ့ခြင်း၊ VIP/CIP Terminal အသစ် တည်ဆောက်ခြင်းလုပ်ငန်း၊ Terminal 2 အဆင့်မြှင့်တင်ရန် နည်းလမ်းများရှာဖွေခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၁၆ ခုနှစ်တွင် ခရီးသွား ၅ ဒသမ ၄၅ သန်းနှင့် ၂၀၁၇ ခုနှစ်တွင် ခရီးသွား ၅ ဒသမ ၉၂ သန်းကို ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို Yangon Aerodrome Company Ltd (YACL) နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မူလစီမံကိန်းကာလ ၃၆ လ ခွင့်ပြုလုပ်ဆောင် နေခြင်းဖြစ်သည်။ သို့သော် စီမံကိန်းလုပ်ငန်းအချို့ ကျန်ရှိနေခြင်းနှင့် ထပ်မံဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများကြောင့် နောက်ထပ် ၁၈ လတိုး၍ လုပ်ဆောင်နိုင်ရန် ၀န်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် လေဆိပ်တစ်ခုအဖြစ် ရှိနေပြီး ဆက်လက်၍ National Project အနေဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ လက်ရှိတွင် ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးချိန်တွင် ရန်ကုန်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ လာမည့် ငါးနှစ်၊ ၁၀ နှစ်ခန့်အတွင်း တိုးတက်လာမည့် ခရီးသွားများကို လက်ခံနိုင်မည့် နိုင်ငံတကာအဆင့် အနေအထားများကို တိုးမြှင့်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

July 1, 2018














Copy Protected by Chetan's WP-Copyprotect.