ဒေါ်လာ ၁၃ သန်းမြှုပ်နှံထားသည့် FMI Decaux ဘတ်စ်ကားမှတ်တိုင်များ စတင်ဆောက်လုပ်နေပြီး ပထမအဆင့်တွင် မှတ်တိုင် ၃၅၀ တည်ဆောက်မည်

ဒေါ်လာ ၁၃ သန်းမြှုပ်နှံထားသည့် FMI Decaux ဘတ်စ်ကားမှတ်တိုင်များ စတင်ဆောက်လုပ်နေပြီး ပထမအဆင့်တွင် မှတ်တိုင် ၃၅၀ တည်ဆောက်မည်
Published 1 July 2018

Sedona ဟိုတယ်နှင့် Myanmar Plaza အနီး လမ်းနီမှတ်တိုင်တွင် စတင်ဆောက်လုပ်နေသည့် FMI Decaux ဘတ်စ်ကားမှတ်တိုင်ကို တွေ့ရစဉ်

ဒေါ်လာ ၁၃ သန်း မြှုပ်နှံ၍ ဆောက်လုပ်မည့် FMI Decaux  ၏ ဘတ်စ်ကားမှတ်တိုင်များ စတင်တည်ဆောက်နေပြီး ပထမအဆင့်တွင် မှတ်တိုင် ၃၅၀ တည်ဆောက်မည်ဖြစ်ကြောင်း FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။

ပြင်သစ်နိုင်ငံအခြေစိုက် JC Decaux ၏ ရာနှုန်းပြည့် လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် JC Decaux S.A နှင့် ပူးပေါင်းတည်ထောင်ခဲ့သည့် FMI Decaux ကုမ္ပဏီလီမိတက်ကို အမေရိကန်ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များအား ခေတ်မီလှပ အသုံးဝင်၍ ခရီးသွား ပြည်သူများကို သတင်းအချက်အလက် အသိပေးနေရာများအဖြစ်သို့ ပြောင်းလဲနိုင်ရန် အဆိုပါကုမ္ပဏီကို JC Decaux S.A နှင့် FMI ပူးပေါင်းတည်ထောင် ခဲ့ခြင်းဖြစ်ပြီး မြှုပ်နှံမည့် ဒေါ်လာ ၁၃ သန်းအတွက် FMI က ရာခိုင်နှုန်း ၄၀ နှင့် JC Decaux S.A က ရာခိုင်နှုန်း ၆၀ ထည့်ဝင်မည်ဖြစ်သည်။

“FMI ရဲ့ မှတ်ကျောက်တစ်ခုဖြစ်တဲ့ ဒီစီမံကိန်းကနေ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ နေထိုင်မှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ မြို့တော်ပိုမို သာယာလှပစေရေး၊ ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင့်အတန်း မြင့်မားတဲ့ ပတ်ဝန်းကျင်သစ် ရရှိလာရေး စတဲ့အခန်းကဏ္ဍတွေ ကို ဦးစားပေး ဆောက်လုပ်သွားမှာဖြစ်ပြီး ပထမအဆင့်မှာ ဘတ်စ်ကားမှတ်တိုင် ၃၅၀ ကို ဆောက်လုပ်သွားပြီး မှတ်တိုင် ၅၀၀ ပြည့်အောင် ရန်ကုန်မြို့အနှံ့မှာ တည်ဆောက်သွားမှာပါ” ဟု ဦးသိမ်းဝေက ဆိုသည်။

JC Decaux S.A နှင့် FMI သည် ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ နှင့် ရန်ကုန်မြို့တော်အကြောင်း သတင်းအချက်အလက် အသိပေးဆိုင်းဘုတ် ၅၀၀ တပ်ဆင်တည်ဆောက်၍ နှစ် ၂၀ ကြာ တစ်ဦးတည်း လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားပြီး ဘတ်စ်ကား မှတ်တိုင်များကို Mingalabar နှင့် Foster ဒီဇိုင်းနှစ်မျိုးဖြင့် တည်ဆောက် တပ်ဆင်မည်ဖြစ်သည်။ အဆိုပါ ဒီဇိုင်းနှစ်မျိုးကို JC Decaux ၏ အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းအဖွဲ့က ဒီဇိုင်းရေးဆွဲခဲ့သည်။

FMI Decaux ၏ ပထမဆုံး ဘတ်စ်ကားမှတ်တိုင်ကို JC Decaux နှင့် FMI တို့ သဘောတူစာချုပ် ချုပ်ဆိုသည့် ဇန်နဝါရီ ၂၀ ရက်မှ ငါးလအတွင်း တည်ဆောက်မည်ဟု သဘောတူညီထားပြီး ကျန်ဘတ်စ်ကား မှတ်တိုင်များ အားလုံးကို သုံးနှစ်အတွင်း တည်ဆောက်ရန် လျာထားကာ ပထမအဆင့်တွင် မှတ်တိုင် ၃၅၀ ကို တည်ဆောက်မည်ဖြစ်ပြီး ကြော်ငြာလုပ်ငန်းများ လက်ခံမည်ဖြစ်သည်။

JC Decaux S.A နှင့် FMI ၏အကျိုးတူ ဖက်စပ်လုပ်ငန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်ပြီး အကျိုးတူဖက်စပ်လုပ်ငန်းသို့ ထည့်ဝင်ရမည့် ရင်းနှီးမြှုပ်နှံမှုကို FMI ကုမ္ပဏီ အုပ်စုအတွင်းရှိ အရင်းအနှီးများ အသုံးပြု၍ ထည့်ဝင်သွားမည်ဖြစ်ပြီး အဆိုပါပမာဏမှာ FMI ကုမ္ပဏီအုပ်စု အသားတင် ပိုင်ဆိုင်မှု တန်ဖိုး၏ ၂ ဒသမ ၉၉ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်သည်။

 

Most Read

Most Recent