ပြည်တွင်းသို့ ဆေးနှင့် ဆေးပစ္စည်းများ နှစ်စဉ် တန်ဖိုး ဒေါ်လာသန်း ၄၀၀ ခန့် ပြည်ပမှ တင်သွင်းနေရ

ပြည်တွင်းသို့ ဆေးနှင့် ဆေးပစ္စည်းများ နှစ်စဉ် တန်ဖိုး ဒေါ်လာသန်း ၄၀၀ ခန့် ပြည်ပမှ တင်သွင်းနေရ
Published 1 July 2018

ရွှေပြည့်စုံဈေးအတွင်း လက်လီလက်ကား ရောင်းချနေသည့် ဆေးအရောင်းဆိုင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နှစ်စဉ် တန်ဖိုး ဒေါ်လာသန်း ၄၀၀ အထိ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရပြီး ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုမှာ လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

“ဆေးအများစုက တင်သွင်းတာများတယ်။ အိမ်သုံးဆေးတွေ အပါအဝင် ပိုးသတ်ဆေးတွေ၊ ထိုး ဆေး၊ စားဆေး အားလုံးနီးပါးက ပြည်ပက ဝင်တာပါ။ တချို့နာမည်ကြီး ဆေးတွေဆိုရင် အောက်လမ်းကသွင်းတဲ့ လိုင်းဆေးတွေလည်းရှိတယ်။ အဲဒါကတော့ ဈေးသက်သာတာပေါ့။ ပြည်တွင်းကတော့ BPI ဆေးတွေပဲ အများစု ရှိပါတယ်” ဟု မြတ်မေတ္တာမွန်ဆေးဆိုင်မှ ဒေါ်မြင့် ရီက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံပိုင် BPI ဆေးဝါးစက်ရုံ တစ်ခုတည်းသာရှိခဲ့ပြီး နောက်ပိုင်းတွင် ပြင်ဦးလွင် ဆေးဝါးစက်ရုံ၊ ကျောက်ဆည် ဆေးဝါးစက်ရုံတို့ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း၊ တပ်မတော်မှလည်း မှော်ဘီဆေးဝါးစက်ရုံကို တည်ဆောက်ခဲ့ကြောင်းနှင့် ၂၀၁၁ ခုနှစ် အစိုးရသစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရကပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သော စက်ရုံများကို အားပေးနိုင်ရန် မူဝါဒချမှတ်ခဲ့ရာ ပထမဆုံး ပုဂ္ဂလိက ဆေးဝါးစက်ရုံအဖြစ် ဒဂုံအရှေ့ဆိပ်ကမ်းမြို့နယ်ရှိ AA ဆေးကုမ္ပဏီပိုင်စက်ရုံ၊ ဒုတိယမြောက်စက်ရုံအဖြစ် ဖေဖော်ဝါရီ ၃ ရက်က ဖွင့်လှစ်ခဲ့သည့် ရွှေပေါက္ကံစက်မှုဇုန်ရှိ Silver Shine International ကုမ္ပဏီပိုင်စက်ရုံတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှတရားဝင် တင်သွင်းနေသည့် ဆေးဝါးများ များစွာရှိသကဲ့သို့ နယ်စပ်ဂိတ်များမှ တစ်ဆင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် တရားမဝင် တင်သွင်းရောင်းချနေသည့် ဆေးဝါးများလည်း အမြောက်အမြား ရှိနေကြောင်း၊ တရားမဝင်တင်သွင်း ဆေးဝါးများ ဈေးကွက်အတွင်း များစွာတွေ့ရှိနေရပြီး သုံးစွဲနေသည့် ဆေးဝါးများတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိလျှင်သော် လည်းကောင်း၊ သုံးစွဲနေကျ ဆေးဝါးများ၏ အရည်အသွေးကို သံသယဖြစ်လျှင် သော်လည်းကောင်း၊ ဆေးဝါးအတုဟု သံသယဖြစ်ဖွယ် ဆေးဝါးများ တွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် အသိပေး နှိုးဆော်ထားသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် တရားမဝင် ဆေးဝါးအများစုမှာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများ၌ အခြေစိုက် ထုတ်လုပ်သည့် ဆေးကုမ္ပဏီများမှ ဆေးဝါးများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြည်ပမှ ဆေးဝါးတင်သွင်းမှုများ သိသိသာသာ တိုးတက်မြင့်မားလာသည့်နည်းတူ နယ်စပ်ဒေသများမှ မမှန်မကန် တင်သွင်းလာသည့် အဆင့်မမီ ဆေးဝါးများ တွေ့ရှိနေရကြောင်း၊ အဆင့်မမီဆေးဝါး အများစုကို မြန်မာ-တရုတ်နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်တို့တွင် တွေ့ရှိနေရကြောင်း သိရသည်။

Most Read

Most Recent