ဆရာဝန်၊ သူနာပြု အပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းများ နှစ်စဉ်မွေးထုတ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဦးစားပေးခန့်အပ်မည်

ဆရာဝန်၊ သူနာပြု အပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းများ နှစ်စဉ်မွေးထုတ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဦးစားပေးခန့်အပ်မည်
Published 1 July 2018

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ရစဉ်

ဆရာဝန်၊ သူနာပြုများ အပါအဝင် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် စသည့် အခြေခံ ကျန်းမာရေး ဝန်ထမ်းများကို နှစ်စဉ်မွေးထုတ်မည်ဖြစ်ရာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ဦးစားပေး အစီအစဉ် သတ်မှတ်၍ ခန့်အပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်သွားရန်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအဝင် အခြားလစ်လပ်နေရာများ၌ ပြန်လည်ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များကို စနစ်တကျ  ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမိုခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဦးစားပေး ခန့်အပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ အထူးအစီအစဉ် အနေဖြင့်လည်း  ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) သင်တန်းသားခေါ်ယူခြင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အတွက် သင်တန်းသား/သူ ခေါ်ယူခြင်းများ၌ ဒေသခံများအား ခေါ်ယူခြင်းဖြင့် သင်တန်းပြီးဆုံး၍ တာဝန်ချထားရာတွင် ပိုမိုအဆင်ပြေမည် ဖြစ်သဖြင့် ဒေသခံများအား ဦးစားပေးခေါ်ယူ သင်တန်းပေး၍ မွေးထုတ်မည် ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားများ ပိုမိုမွေးထုတ် ပေးနိုင်ရေးအတွက် လက်ရှိ စစ်တွေ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအပြင် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်တစ်ခုခု (လျာထားကျောက် ဖြူမြို့) ၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အသစ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေးစောင့်ရှောက်မှုအ ဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံ တွင် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ခုရှိရန်အ တွက် လူ ၁၀၀၀၀ လျှင် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂၂ ဦးရှိ ရန် လိုအပ်သည်ဟုအကြံပြုထား ကြောင်း၊  တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်း အရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာ ရေးလုပ်သားအင်အားသည် လူ ၁၀၀၀၀ လျှင် ၁၆ ဦးခန့်ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူ ၁၀၀၀၀ လျှင် ကျန်းမာရေးလုပ်သား ငါးဦးသာရှိ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေး သေနှုန်းသည်လည်း တစ်နိုင်ငံလုံး ၏ ပျမ်းမျှနှုန်းထက်မြင့်နေကြောင်း၊ ကလေးမွေးဖွားသည့် အမျိုးသမီး များ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်း ကျင်သည့် ကျန်းမာရေးဝန်ထမ်းများ ရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြကြောင်းနှင့် ကာကွယ်ဆေးထိုးရုံဖြင့် ကာကွယ်နိုင်သည့် ရောဂါအများအပြား မကြာမီနှစ်များ အတွင်း အထူးသဖြင့် ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည် ကိုတွေ့ရပြီး ၂၀၁၆ ခုနှစ်က ရခိုင် ပြည် နယ်တစ်ပြည်လုံးတွင် ပြုလုပ်ခဲ့ သည့် သုတေသန စစ်တမ်းတွင်ပါဝင် ဖြေဆိုခဲ့သူများ၏ ၅၂ ရာခိုင်နှုန်း သည် ၎င်းတို့အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို လုံလောက်စွာ ရရှိခြင်း မရှိကြောင်း ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ကလေး သူငယ်များ၏ အာဟာရပြည့်ဝနှုန်းသည်လည်း တစ်နိုင်ငံလုံးတွင် အနိမ့် ဆုံးအခြေအနေတွင်ရှိနေပြီး ကလေး သူငယ်များ၏ ၃၈ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှုနိမ့်ကျကာ ၃၄ ရာခိုင်နှုန်း သည် ကိုယ်အလေးချိန် ရှိသင့်သလောက် မရှိသည်ကို တွေ့ရကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း  ပြန်လည်ဝင်ရောက်လာသူများအ တွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင် ပါဝင်မည့် ဒေသခံဝန်ထမ်းများ၊ အခြားဒေသမှ လာရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကွင်း ဆင်းကြီးကြပ်အဖွဲ့ဝင်များအတွက် လိုအပ်မည့် နေ့တွက်စရိတ်၊ ခက်ခဲ ဒေသခွင့်ပြုစရိတ်၊ ခရီးစရိတ် စသည်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent