(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၅၆၅၈ တွဲ ရောင်းချခဲ့ရပြီး ယူရိုသန်း ၄၀၀ ကျော်ရရှိ

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၅၆၅၈ တွဲ ရောင်းချခဲ့ရပြီး ယူရိုသန်း ၄၀၀ ကျော်ရရှိ
Published 1 July 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်သည့် ဇွန် ၂၀ ရက်တွင် ကျောက်မျက်ရတနာကုန်သည်များ ကျောက်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၄၉၁ ရောင်းချရာ တွင် အတွဲပေါင်း ၅၆၅၈ တွဲ ရောင်းချခဲ့ရပြီး ယူရိုသန်း ၄၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲအား ဇွန် ၂၀ ရက်မှ ဇွန် ၂၉ ရက်အထိ ရောင်းချရာတွင် ပုလဲအတွဲပေါင်း ၃၄၁ တွဲရောင်းချရာမှ ယူရို ၂ ဒသမ ၅၉၈ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲရောင်းချရာမှ ယူရို ၁  ဒသမ ၃၇၈ သန်းနှင့် ကျောက်စိမ်းအတွဲပေါင်း ၅၂၄၈ တွဲရောင်းချရာမှ ယူရို ၄၂၁ ဒသမ ၇၀ သန်း ရောင်းချခဲ့ရပြီး စုစုပေါင်း ယူရို ၄၂၅ ဒသမ ၆၇၆ သန်းရရှိခဲ့ကြောင်း သိရသည်။

(၅၅) ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် သတ်မှတ်ဒဏ်ကြေးပေးဆောင်စေပြီး ပြပွဲပြန်လည်တက်ရောက်ခွင့်ပြုခဲ့သည့် ပြည်ပရတနာကုန်သည် ၉၀ ရှိခဲ့ပြီး ပြပွဲတစ်ပွဲလျှင် ယူရို ၁၀၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေကို ဒဏ်ကြေးအဖြစ်ကောက်ခံရာမှ ပြပွဲအကြိမ်ရေ ၁၇၅ ကြိမ်အတွက် ကျပ် ၂၇၆ ဒသမ ၈၃ သန်း ရရှိခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ဈေးအမြင့်ဆုံးယူရို ၁၅ သန်း တန်ကျောက်စိမ်း ပါဝင်ရောင်းချသော်လည်း ရောင်းချနိုင်ခဲ့ခြင်းမရှိကြောင်း စီမံရေးရာ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောကြားသည်။

“ပြည်တွင်းကုန်သည်ကတော့ ဒီပွဲမှာ နည်းနည်းတော့နည်းသွားတယ်။ ပြည်ပကုန်သည်ကတော့ ကနေဒါတို့၊ အမေရိကန်တို့ ပါလာတယ်။ အရင်တုန်းက သိပ်မရှိဘူး။သူတို့လည်း စိတ်ဝင်စားလို့တက်လာတာရှိတယ်။ နောက်ထိုင်းကတော့ ကုန်သည် ၂၀  လောက်ရှိတယ်။ ၃၀၀၀ ကျော်မှာ ကျန်တာကတော့ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် တို့ကပဲ အများစုဖြစ်တယ်။ကုန်သည်တက်ရောက်မှုကြည့်ရင် ပြီးခဲ့တဲ့ပွဲထက် ၁၀၀၀ လောက် ပိုများတယ်” ဟု ဦးသန်းဇော်ဦးက ပြောကြားသည်။

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ ၂၆၅၆ ခုနှင့် ရတနာကုန်သည် ၃၁၀၂ ဦး၊ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂၁ ခုနှင့် ရတနာကုန်သည် ၂၄ ဦး၊ ကနေဒါ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကုမ္ပဏီသုံးခုစီနှင့် ရတနာကုန်သည် ခြောက်ဦးနှင့်  ပြည်တွင်းကုမ္ပဏီ ၅၁၀ မှ ရတနာကုန်သည် ၁၂၀၃ ဦး စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent