မြေယာအငြင်းပွားမှုများနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရန် လယ်သမားများနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်မှ ရန်ကုန်အထိ နှစ်ရက်ကြာ ချီတက်ဆန္ဒပြ

မြေယာအငြင်းပွားမှုများနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရန် လယ်သမားများနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်မှ ရန်ကုန်အထိ နှစ်ရက်ကြာ ချီတက်ဆန္ဒပြ
Published 1 July 2018

လယ်မြေသိမ်းဆည်းခံသည့် လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက်သူများ ချီတက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)

မြေယာအငြင်းပွားမှုများနှင့် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် လယ်သမားများနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ (ဗဟို) တို့ ပူးပေါင်း၍ ဇွန် ၃၀ ရက်နံနက်က ကော့မှူးမြို့နယ် ထမ်းမနိုင်ကျေးရွာမှ စတင်ကာ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒပြလျက်ရှိသည်။

ဆန္ဒပြသူများသည် ကော့မှူးမြို့မှ ဇွန် ၃၀ ရက် နံနက်က စတင်ထွက်ခွာလာခြင်းဖြစ်ပြီး တွံတေး၊ ဒလ စသည့်မြို့နယ်များသို့ ဖြတ်သန်း၍ ဇူလိုင် ၁ ရက် (ယနေ့) တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအထိ နှစ်ရက်ကြာ ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ‘မတရားမှုမှန်သမျှ ဆန့်ကျင်ကြ’ စာတန်းပါ ခေါင်းစည်းအဝါများပတ်၍ လယ်ယာမြေများ ပြန်ပေးရန် တောင်းဆိုသော ကြွေးကြော်သံများနှင့် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများ၊ သမ္မတဦးဝင်းမြင့်၏ ပြောစကားများ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ပြောစကားများပါသော ပိုစတာများကို ကိုင်ဆောင် ဆန္ဒပြလျက်ရှိသည်။

ယင်းကဲ့သို့ ဆန္ဒမထုတ်ဖော်မီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား သိမ်းဆည်းခံ လယ်ယာမြေများနှင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် လယ်သမားများကို တွေ့ဆုံဆွေးနွေး အဖြေရှာပေးရန် မေ ၂၅ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ တပ်ကသိမ်းထားတာ ဧက ၅၀၀၀ နီး ပါးရှိတယ်။ တခြားမြေယာ အငြင်းပွားမှုတွေ ကိုတော့ မြေစာရင်းက သိမ်းတာတို့အရင် မဝတ လက်ထက်က စည်းကမ်းပျက်ဆိုပြီး သိမ်းခံရတာတွေပါတယ်။ မြေယာအငြင်း ပွားမှုနဲ့ မြေယာသိမ်းခံရလို့ နစ်နာတဲ့လူတွေကို တွေ့ဆုံညှိနှိုင်းရေးကနေ အောင်မြင်အောင် လုပ်ပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးကို ကိုရော၊ စာတိုက်ကနေရော မေ ၂၅ ရက်က တည်းက အကြောင်းကြားစာ ပို့ထားတယ်။ ၃၀ ရက်အထိ မဖြေရှင်းပေးရင် ဆန္ဒပြမယ်လို့ စာထဲမှာ ထည့်ရေးထားတယ်။ ဒီနေ့ဆန္ဒပြတဲ့ အထိ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖုန်းလည်း မဆက်သလို တစ်စုံတစ်ရာအကြောင်းမပြန် တဲ့အတွက် ဆန္ဒထုတ်ဖော်တာ” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ(ဗဟို) ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။

ယခုကဲ့သို့ ဆန္ဒပြခြင်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြေယာသိမ်းဆည်းခံထားရ သူများကိုသာ ဖြေရှင်းပေးရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြေယာ အငြင်းပွားမှုများကိုပါ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဒေါ်စုစုနွေးက ပြောကြားသည်။

“ကျွန်တော်တို့လယ်မြေတွေ ပုံစံ (၇)ရှိရဲ့ သားနဲ့ မြေစာရင်းက မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းဆိုပြီး လိမ်ညာပြီးကြေညာချက်ထုတ် တယ်။ ကန့်ကွက်စာတင်လည်း ဘာအ ကြောင်းမှ မပြန်ဘူး။ သူတို့တွေ စစ်တပ်နဲ့ ပေါင်းပြီးအဲဒီလယ်ကို ကန်တွေတူးပြီး ငါးမွေး နေတယ်။  ကျွန်တော်တို့ လယ်သမားကိုးဦး ဆီက လယ်ဧက ၁၃၁ဧက သိမ်းခံရတာပါ။ သိမ်းသွားတော့ လျော်ကြေးလည်း မပေးဘူး။နစ်နာကြေးလည်း မပေးဘူး။ ကျွန်တော်တို့ မြေတွေကို တရားဥပဒေနဲ့အညီ ပြန်ပေးဖို့ လိုချင်တယ်။ မြေစာရင်းက တရားဥပဒေမဲ့ တွေ လုပ်နေတာ။ သူတို့ရဲ့ ရာထူး၊ အာဏာနဲ့ ပေါင်းပြီး လယ်သမားတွေကို အမျိုးမျိုးနှိပ်စက် နေတာ။ အဲဒါတွေကို အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ကော့မှူးမြို့နယ် တူးချောင်းကြီး ကျေးရွာအုပ်စု ကံကုန်ကျေးရွာမှ လယ်မြေသိမ်းဆည်းခံရသည့် ဦးခင်ဝင်းက ပြောကြားသည်။

လယ်ယာမြေများ သိမ်းဆည်းရာတွင် လျော်ကြေးငွေ၊ နစ်နာကြေးငွေများပေးခြင်း မပြုဘဲ သိမ်းဆည်းသဖြင့် လယ်သမားများမှာ စားဝတ်နေရေးများ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည့် လယ်များတွင် ထွန်ယက်စိုက်ပျိုးခြင်းများကြောင့် တရားစွဲဆိုခံရမှုများ၊ ဖမ်းဆီးထောင်ချ မှုများလည်း ခံခဲ့ရကြောင်း လယ်သမားများကဆိုသည်။

“တပ်က ၁၉၉၇ ခုနှစ်ထဲက ကျွန်တော်ပိုင်တဲ့ဧက ၂၀ ကို သိမ်းသွားတာ။ လယ်လုပ်နေရင်းနဲ့ သိမ်းသွားတာ။ အခုချိန်ထိ ပြန်မရသေးဘူး။ သူတို့တွေ မတရားသိမ်းထားတဲ့ ကိုယ့်လယ်တော့ ကိုယ်ပြန်လိုချင်တာပေါ့။ လယ်သိမ်းပြီးကတည်းက ကြုံရာအလုပ်လုပ် နေရတယ်။ ကျောင်းသားတွေကို ကျောင်းမထားနိုင်ဘူး” ဟု လယ်မြေအသိမ်းခံခဲ့ရသော လယ်သမားတစ်ဦးက ပြောကြားသည်။

ဇွန် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အစိုးရသစ် နှစ်နှစ်တာကာလအတွင်း လယ်ယာမြေနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်မှု အားနည်းနေပြီး စွန့်လွှတ်မြေများကိုလည်း မူလမြေပိုင်ရှင်ထံပေးအပ်ရန် နှောင့်နှေးကြန့်ကြာနေကြောင်း နေပြည်တော်တွင်ပြုလုပ်သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများနှင့် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။

ယင်းအစည်းအဝေးတွင် နေပြည်တော်တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီ အဆင့်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ဝန်ကြီးချုပ်များ အနေဖြင့် ယခုထက် တိုးတက်ဆောင်ရွက်နိုင်မည့် အခြေအနေရအောင် ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ကော်မတီ အဆင့်ဆင့်ကိုလည်း ချမှတ်ထားသော မူဝါဒ လုပ်ငန်းစဉ်များအား ပိုင်နိုင်စွာ မှတ်သားပြီး ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။