၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိပြီး ဧပြီလငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ်မြင့်တက်

၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိပြီး ဧပြီလငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ်မြင့်တက်
Published 1 July 2018

ရန်ကုန်မြို့ရှိ ဈေးလမ်းတစ်ခုတွင် စားသောက်များရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၈ ခုနှစ် မေလတွင် ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိပြီး ဧပြီလတွင်ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် မေလအထိ တစ်နှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၂၉ ရာခိုင်နှုန်းဖြစ်ပြီး  ၂၀၁၈ ခုနှစ် ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၂ ရာခိုင် နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေး ဖောင်းပွမှုနှုန်း အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် မေလအထိ တစ်နှစ် ပျမ်းမျှ ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် မေလနှင့် ၂၀၁၇ ခုနှစ် မေလတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation)မှာ ၅ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလအတွင်း မန္တလေးမြို့တွင် ၈ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၈ ဒသမ ၄၁ ရာခိုင်နှုန်း ဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၅ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလအထိ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့်စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေး ဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြား ငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်  နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent