ဓနုဖြူမြို့နယ်ရှိ တောင်သူ ၆၉၀ အား မြန်မာ့ရှေ့ဆောင်ဘဏ်က တစ်ဧကလျှင် ကျပ်လေးသိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေး

ဓနုဖြူမြို့နယ်ရှိ တောင်သူ ၆၉၀ အား မြန်မာ့ရှေ့ဆောင်ဘဏ်က တစ်ဧကလျှင် ကျပ်လေးသိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေး
Published 1 July 2018

ဓနုဖြူမြို့နယ်ရှိ တောင်သူလယ်သမား ၆၉၀ အား မြန်မာ့ရှေ့ဆောင်ဘဏ်မှ တစ်ဧကလျှင် လေးသိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှုအား ဇွန် ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကဉ္စနကျွန်းသာ ယာကုမ္ပဏီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုအစီအစဉ်သည် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဓနုဖြူမြို့နယ်အတွင်းရှိ တောင်သူများကို မြန်မာ့ရှေ့ဆောင်ဘဏ်မှ ပုံစံ (၇) အား အာမခံထားကာ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက လေးသိန်းနှုန်းဖြင့် တောင်သူ လယ်သမားများကို ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ပုံစံ ၇ ကို အာမခံထားပြီးတော့ တစ်ဧကကို လေးသိန်းနှုန်းနဲ့ တောင်သူလယ်သမား ၆၉၀ ကျော်အတွက် ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်ကို ထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ဆန်စက်အသင်းဝင်တွေရှိတယ်။ ဆန်ကုန်သည် အသင်းဝင်တွေရှိတယ်။ Export အသင်းဝင်တွေရှိတယ်။ လယ်သမားအသင်းဝင်တွေ ရှိပါတယ်။ တောင်သူလယ်သမားအသင်းဝင်တွေကို ဆန်စပါးစိုက်ပျိုးထုတ် လုပ်ရေးအပြင် ဆန်စပါးကို တစ်ဖက်က စိုက်ပျိုးပြီးတော့ တစ်ဖက်မှာလည်း မွေးမြူရေးလုပ်ငန်း၊ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ်ဆိုရင် သူတို့အတွက် ဝင်ငွေတိုးလာဖို့ လိုအပ်နေတဲ့ နည်းပညာရယ်၊ ဈေးကွက်ရယ် ဒီ အပိုင်းမှာ ဆန်စပါးအသင်းချုပ်အနေနဲ့ တတ်နိုင်သမျှ ကူညီပေးနေပါတယ်။ နည်းပညာနဲ့ ဈေးကွက်ဆန်စပါးအသင်းချုပ်က ဆောင်ရွက်ပြီးတော့ အရင်းအနှီးပိုင်းမှာ ပြည်တွင်း ပြည်ပက ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ဆောင်ရွက်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်တောင်သူများအတွက် ဘဏ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စိစစ်မှုများပြုလုပ်ကာ တောင်သူများအတွက် ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ တောင်သူ လယ်သမားများသည် ရရှိလာသည့် ချေးငွေများကို သုံးနှစ်အတွင်း ငါးရစ်ဖြင့် ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

“အခုချေးပေးတာက နှစ်လတ်ချေးငွေ ဖြစ်တယ်။ နှစ်ပေါက်ချေးငွေက တစ်နှစ် တစ်ခါပြန်ဆပ်ရပါတယ်။ ရာသီချေးငွေက တစ်ရာသီပြီး တစ်ရာသီပြန်ဆပ်ရတယ်။ သုံးနှစ်နီးပါး သက်တမ်းရှိတဲ့ ချေးငွေဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် အဆင် ပြေပါတယ်။ အတိုးနှုန်းကလည်း ဘဏ်အတိုး ၁၃ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ ၁၃ရာခိုင်နှုန်းက တစ်နှစ်ကို ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ သူတို့အတွက် သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေရ တယ်။ အသေးစားငွေချေးလုပ်ငန်းတွေက ၁၈ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်းစသဖြင့် ရှိပါတယ်။ နောက်တစ်ခုက ဈေးကွက်အတွင်းမှာ မြို့နယ်အတွင်းမှာ ချေးနေတာက တစ်လကို ငါးကျပ်တိုး၊ တစ်ဆယ်တိုးရှိပါတယ်” ဟု ဦးရဲ မင်းအောင်ကပြောကြားသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးမှုအား ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့အပြင်၊ ဒေးဒရဲ၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေများတွင်လည်း စမ်းသပ်ဆောင်ရွက်နေကြောင်း၊ တိုးချဲ့ဆောင်ရွက်မှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

Most Read

Most Recent