ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ပျံကျဈေးသည် အဆမတန် များလာခြင်းကြောင့် လုံခြုံရေးနှင့် သန့်ရှင်းရေး စီမံချက်ဖြင့် ရှင်းလင်းမည်

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ပျံကျဈေးသည် အဆမတန် များလာခြင်းကြောင့် လုံခြုံရေးနှင့် သန့်ရှင်းရေး စီမံချက်ဖြင့် ရှင်းလင်းမည်
Published 1 July 2018

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ကျူးကျော်ဖွင့်လှစ် ရောင်းချနေသည့် ဈေးဆိုင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ပျံကျဈေးသည်များ အဆမတန် များပြားလာခြင်းကြောင့် တိုင်းဒေသကြီးအဆင့် ရန်ကုန်ဆေးရုံကြီး လုံခြုံရေးနှင့် သန့်ရှင်းရေး စီမံချက်ဖြင့် ရှင်းလင်းမည်ဖြစ်ကြောင်း ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး (ဆေးရုံအုပ်) ဒေါက်တာခင်မောင်ကြီးက ပြောကြားသည်။

“ဆေးရုံမှာက နေ့စဉ်အတွင်းလူနာက ၁၈၀၀ လောက်ရှိတယ်။ ပြင်ပလူနာဆိုရင် တစ်နေ့တစ်နေ့ကို အားလုံးပေါင်း ၁၄၀၀၊ ၁၅၀၀ လောက်ရှိတယ်။ နောက်ဝန်ထမ်းတွေကလည်း ထောင်ကျော်တယ်။ ဆေးကျောင်းသားတွေ အခြားလူနာနဲ့ လူနာစောင့်တွေရှိတော့ လူဦးရေ အရမ်းများလာသလို ဈေးသည်တွေကလည်း ပိုပိုများလာတယ်။ ပျံကျဈေးသည်တွေ များလာတဲ့နောက် ဆေးကုသဆောင်တွေရဲ့ ဆင်ဝင်အောက်အထိ ရောက်လာတယ်။ လူနာဆောင်တွေထဲထိပါ လိုက်ရောင်းလို့ ပြောရတာတွေလည်း ရှိတယ်။ ပျံကျဈေးသည်တွေကို ဆေးရုံဝင်း အတွင်းမှာ လာမရောင်းဖို့ အကြိမ်ကြိမ် သတိပေးတာတွေ လုပ်ပေးမယ့် လုံးဝမလိုက်နာဘူး။ ဒါကြောင့် ကျူးကျော်လာရောင်းနေတဲ့ ဈေးသည်တွေ ဖယ်ရှားပေးဖို့ စီမံချက်တစ်ခု လုပ်နေပါတယ်။ နောက်ဆေးရုံက လူအဝင်အထွက် အရမ်းများတဲ့အတွက် ဒုစရိုက်မှုတွေ၊ အရက်သောက်ပြီး လာအိပ်နေတဲ့ သူတွေလည်း ရှိလာတယ်။ ပစ္စည်းခိုးတာတွေလည်း မကြာခဏ ဖြစ်လာတဲ့ အတွက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက လုံခြုံရေးတွေ ငှားပေမယ့် မရဘူး ဖြစ်နေတယ်။ ဒါတွေကြောင့် ဒီစီမံချက်ကို လုပ်မှာပါ။ ဒါတိုင်းဒေသကြီး အဆင့်ထိ သွားမှာပါ” ဟု ဒေါက်တာခင်မောင်ကြီးက ပြောကြားသည်။

ဆေးရုံကြီးသည် ရန်ကုန်မြို့၏ အဓိက အချက်အချာကျသော နေရာတွင် တည်ရှိပြီး နေ့စဉ်တာဝန် ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာ၊ လူနာစောင့်များ၊ ဧည့်သည်များအကြား သွားလာမှု အဆင်ပြေစေရေး၊ အရေးကြီး လူနာများ သယ်ယူပို့ဆောင်ရေး၊ မီးဘေးအန္တရာယ်၊ ခိုးယူမှု၊ ဖောက်ထွင်းမှုများ၊ အစုလိုက်အပြုံလိုက် အရေးပေါ်ကိစ္စများ ဖြစ်ပွားပါက လုံခြုံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်ရန် အရေးကြီးလုပ်ငန်းတစ်ခု ဖြစ်နေကြောင်းနှင့် ဆေးလာရောက် ကုသသော လူနာများ၊ လူနာစောင့်များ၊ ဝန်ထမ်းများအကြား ကူးစက်ရောဂါများ မဖြစ်ပွားစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဆေးကုသမှု ခံယူရန် သန့်ရှင်းသပ်ရပ်သော ဆေးရုံကြီး ဖြစ်လာရန် လိုအပ်သဖြင့် ယင်းစီမံချက်ကို ရေးဆွဲလုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ပျံကျဈေးသည်တွေက ဈေးရောင်းရုံတင်မကဘူး၊ ဆေးရုံဝင်းအတွင်းမှာ ကျူးကျော်ခိုကပ်နေကြတယ်။  သူတို့အချင်းချင်း ရန်ဖြစ်တာမျိုး၊ သီချင်းတွေ ဖွင့်တာမျိုးတွေလည်း လုပ်တယ်။ ဒါတွေမလုပ်ဖို့ ဆေးရုံဝန်ထမ်းတွေက သွားပြောရင် ရန်တွေ့ခြိမ်းခြောက် ခံရတယ်။ လူနာတင်ကားတွေ ဝင်ချင်ထွက်ချင်ရင် သူတို့ဈေးဆိုင်တွေနဲ့ ပိတ်နေတော့ အလွယ်တကူ သွားမရဘူး။ နေ့လည်နေ့ခင်းဆို ဆေးကုဆောင်တွေရှေ့တောင် အိပ်နေတာမျိုးတွေလုပ်တယ်။ နောက်ပိုင်း ပိုဆိုးလာတာက ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေကို အန္တရာယ်အမျိုးမျိုး ပြုလာတာပဲ” ဟု အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

လက်ရှိဆေးရုံဝင်းအတွင်း ကျူးကျော်ဖွင့်လှစ် ရောင်းချနေသည့် ပျံကျဈေးသည်နှင့် ဈေးဆိုင်ပေါင်း ၁၀၀ ဝန်းကျင်ထိရှိနေပြီး အဆို ပါပျံကျဈေးသည်များနှင့် ပတ်သက်၍ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက အကြိမ်ကြိမ်သတိပေး ပြောကြားမှုများ ရှိခဲ့သော်လည်း ဖယ်ရှားခြင်း မရှိကြောင်းနှင့် ယင်းကိစ္စအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ညှိနှိုင်း၍လည်း အကြိမ်ကြိမ် ဖယ်ရှားရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စည်းကမ်းချက် ၂၁ ချက်တွင် သတ်မှတ်ထားသော မိမိဆိုင်ခန်းနေရာတွင်သာ စနစ်တကျ ရောင်းချရမည်ဖြစ်ပြီး သတ်မှတ်ဆိုင်ခန်း နေရာမှအပ ဆေးရုံဝင်းအတွင်းနှင့် အပြင်အခြား နေရာများတွင် သွားရောက် ရောင်းချခြင်း မပြုရန်၊ ညအိပ်နေထိုင်ခွင့် လုံးဝခွင့်မပြု၊ အသင့်ချက်ပြုတ်ထားသော ဟင်းလျာများကိုသာ ရောင်းချရမည်ဖြစ်ပြီး ဈေးဆိုင်အတွင်းနှင့် ဆေးရုံဝင်းအတွင်း ချက်ပြုတ်ကြော်လှော် ရောင်းချခြင်း မပြုရန်၊ ဆိုင်ခန်းတစ်ခန်းလျှင် အမှိုက်ပုံး တစ်ပုံးစီ အနည်းဆုံး ထားရှိပြီး အမှိုက်များအား  သတ်မှတ်နေရာသို့ မိမိအစီအစဉ်ဖြင့် နေ့စဉ်စွန့်ပစ်ရန်၊ ဆိုင်ပတ်ဝန်းကျင်တွင် အညစ်အကြေးစွန့်ခြင်း လုံးဝမပြုလုပ်ရန်၊ ဆိုင်ခန်းများတွင် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း လုံးဝမပြုလုပ်ရန် စသည့်အချက်များအား အသိပေးထားပြီး ဖြစ်ကြောင်းနှင့် စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်ပါက ဈေးရောင်းချခွင့် ပိတ်သိမ်း၍ ဆိုင်ခန်းအား ပြန်လည်သိမ်းယူခြင်း ခံရမည့်အပြင် တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

 

Most Read

Most Recent