<

မှော်ဘီမြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ၀ါတော် ၁၁ ၀ါရှိ အသက် ၆၀ ကျော်အရွယ် ဆရာတော်တစ်ပါး ဆွဲကြိုးချပျံလွန်

မှော်ဘီမြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ၀ါတော် ၁၁ ၀ါရှိ အသက် ၆၀ ကျော်အရွယ် ဆရာတော်တစ်ပါး ဆွဲကြိုးချပျံလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ် ဆယ်အိမ်တန်းကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ဆရာတော်တစ်ပါး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သွားရောက်စစ်ဆေးရာ ဆွဲကြိုးချသေဆုံးသည့် ဆရာတော်မှာ ဘုန်းကြီးကျောင်းတိုက် အတွင်းရှိ အဆောင်တွင် ၁၀ ပေခန့် မြင့်သည့် သစ်သားထုပ်တန်း၌ နိုင်လွန်ကြိုးအား အသုံးပြုကာ ဆွဲကြိုးချ ပျံလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဆွဲကြိုးချပျံလွန်ခဲ့သည့် ဆရာတော်မှာ ဦးတေဇ၀န္တဖြစ်ပြီး ၀ါတော် ၁၁ ၀ါရှိကာ သက်တော် ၆၄ နှစ် ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးချက်အရတော့ ဆရာတော်က လွန်ခဲ့တဲ့ ခြောက်လလောက်က ဆီးကျောက်တည်ရောဂါရှိလို့ ဆေးရုံမှာ ခဏခဏ ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး ချို့တဲ့နေတာ။ ဖြစ်စဉ်ကိုတော့ သေမှုသေခင်း ဖွင့်ထားပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ မတွေ့ရှိကြောင်း၊ အလောင်းအား မှော်ဘီဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး အဆိုပါ ဖြစ်စဉ်အား မှော်ဘီမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

June 30, 2018














Copy Protected by Chetan's WP-Copyprotect.