ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျောအချို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏သား ဆိုသူနှင့် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဟုမ္မလင်းမြို့နယ် အမှတ်(၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူ ပြောကြား

ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျောအချို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏သား ဆိုသူနှင့် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဟုမ္မလင်းမြို့နယ် အမှတ်(၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူ ပြောကြား
Published 1 July 2018

ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင်ရွှေမျော အချို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏သား ဆိုသူနှင့် သက်ဆိုင်ရာမှ သွားရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းခံခဲ့သည် ဆိုခြင်းမှာ မဟုတ်ကြောင်း ဟုမ္မလင်းမြို့နယ် အမှတ် (၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လောင်ဖောင်ကျေးရွာအုပ်စု လွင်ကြီးကျေးရွာအနီး ခဲနန်းရွှေမှော်ရှိ တရားမဝင် ရွှေတူးဖော်နေသူများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏သား ဆိုသူနှင့် ဟုမ္မလင်းမြို့နယ်မှ တာဝန်ရှိသူအချို့ ဇွန် ၂၅ ရက်က သွားရောက်ဖမ်းဆီးကာ ငွေကြေးတောင်းခံခဲ့သည် ဟု Facebook လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သွားရောက်ဖမ်းဆီးခဲ့သည့် အဖွဲ့ကို ဦးဆောင်ခဲ့သူ ဟုမ္မလင်းမြို့နယ် အမှတ် (၂)  သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကို သွားရောက်မေးမြန်းခဲ့ရာ တရားမဝင် ရွှေတူးဖော်နေမှု ပြုလုပ်နေကြောင်း တိုင်တန်းချက်အရ တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်ဖြင့် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုသွားဖမ်းတဲ့နေရာက စံကုဋေသိန်းကုမ္ပဏီရဲ့ လျှောက်ထားဆဲလုပ်ကွက် လေးဧက (လုပ်ကွက်နှစ်ကွက်)။ အဲဒီနေရာမှာ တရားမဝင် ရွှေတူးဖော်တာတွေ လုပ်ကိုင်နေတဲ့အတွက် အဲဒါကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန်ဆိုပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကုမ္ပဏီက စာတင်လိုက်တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေမှ ခရိုင်စီမံခန့်ခွဲမှု ကော်မတီနဲ့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကို လိပ်မူပြီးတော့ စိစစ်တင်ပြပါဆိုပြီးတော့ ပြန်ချပေးလိုက်တယ်။ ပြန်ချပေးလိုက်တော့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက ကျွန်တော် ခေါင်းဆောင်တဲ့အဖွဲ့ကို သူက ဖွဲ့ပေးလိုက်တယ်။ တာဝန်ပေးလိုက်တယ်။ အဲဒီကုမ္ပဏီက အဖွဲ့နဲ့ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ ဘယ်လို ဖြစ်တာလဲ မေးတော့ သူတို့လျှောက်ထားတဲ့နေရာမှာ တရားမဝင်တွေ တူးနေတယ်ပေါ့ အဲဒီတူးနေတာကို တားပေးဖို့ပေါ့။ ဆိုတော့ ကျွန်တော်က ခင်ဗျားတို့ ဘယ်လိုဖြစ်စေချင်လဲ။ ဖမ်းဆီးစေချင်တာလား ဒါမှမဟုတ်ရင်လည်း မလုပ်ရင်ပြီးရောလား ဆိုတော့ သူတို့က မဖမ်းဆီးစေချင်ဘူး မလုပ်ရင်ပြီးတာပဲ အဲဒီနေရာမှာ သူတို့တရားဝင် ကျလာခဲ့ရင် လုပ်စရာ မကျန်မှာစိုးလို့။ အဲဒီနေရာမှာ တရားမဝင် လုပ်နေတဲ့ လူတွေကို ဖမ်းဆီးအရေးယူတာမျိုး မလုပ်စေချင်ဘူး နောက်ကို အဲဒီနေရာမှာ မလုပ်ရင် ပြီးတာပဲဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့က လောင်ဖောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကတစ်ဆင့် အဲဒီနေရာမှာ မလုပ်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ တိုင်စာတက်ထားတယ်။ အဲဒါကိုစစ်ဖို့ ကျွန်တော်တို့အဖွဲ့ကို တာဝန်ပေးထားတယ်။ အဲဒါကို ကျွန်တော်တို့က လာစစ်တဲ့အခါမှာ တွေ့ရင် အရေးယူရမှာ။ ဒါကြောင့်အဲဒီနေရာမှာ မလုပ်ဖို့ အုပ်ချုပ်ရေးမှူးကို ပြောထားတယ်။ ပြောထားပြီးတော့ အုပ်ချုပ်ရေးမှူးလည်း တားတော့တားတာပေါ့။ ဒါပေမဲ့ မရဘူး။ သူတို့က လျော့မသွားတဲ့အပြင် ထပ်တောင်တိုးလာတယ်။ ဆိုတော့ တားလို့မရဘူးပေါ့။ ကျွန်တော်တို့ အဲဒီနေရာမှာ မြေပြင်သတင်းရယူတဲ့ အခါမှာ ဖောင် (ရွှေတူးဖော်သည့်စက်ပစ္စည်း) ၃၀ လောက်ရှိတယ်။ တစ်ဖောင်မှာ လုပ်ကိုင်တဲ့လူ ငါးယောက်လောက် ရှိတယ်ပေါ့နော်။ လူ ပေါင်းက ၁၅၀ လောက်ရှိတယ်ပေါ့။ အဲဒီအခါ ဒီလုပ်ငန်းခွင်မှာ အသုံးပြုတဲ့ တုတ်၊ ဓား၊ ခွတွေ စသဖြင့်ရှိနိုင်တယ်။ ဒါကြောင့် လုံခြုံရေး အင်အား လိုအပ်ပါတယ်။ ဒါကြောင့် လုံခြုံ ရေးအင်အားရရှိရေး၊ ဖမ်းဆီးပစ္စည်းများဖြုတ် သိမ်းရေးနဲ့ တခြားပြုလုပ်ဖို့ လုပ်သားအင်အား လုံလောက်စွာရရှိရေး၊ စက်နှင့်စက်ပစ္စည်းများ အတင်အချပြုလုပ်ရန်နှင့် သယ်ယူပို့ဆောင်ရန် ကရိန်းကားများနှင့် ကုန်သယ်ယာဉ်များ ရရှိရေး ကြိုတင်စီမံဆောင်ရွက်၍ မြို့နယ်ကြီး ကြပ်ရေးအဖွဲ့ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်သင့်ပါသည်ဆိုပြီး စီခန့်ကို စာပြန်တင်ပြီး ၂၅ ရက်မှာ သွားဖမ်းကြတယ်” ဟု ဟုမ္မလင်းမြို့နယ် အမှတ် (၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့သွားရောက် ဖမ်းဆီးရာတွင် တရားမဝင် ရွှေတူးဖော်နေသူများ မရှိတော့သဖြင့် ဖမ်းဆီးမိခြင်း မရှိခဲ့ကြောင်းနှင့် ကုမ္ပဏီမှလူသည် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ သားဖြစ်သည်ကို မသိရှိခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ဖောင် (ရွှေတူးဖော်သည့်စက်ပစ္စည်း) တွေလည်း မရှိတော့ဘူး။ လူတွေရော စက်ပစ္စည်းတွေရော မရှိတော့ဘူး။ ဆိုတော့ ကျွန်တော်တို့ ဖမ်းဆီးလို့မရခဲ့ဘူး။ နောက်ပြီး ကျွန်တော်တို့နဲ့ အတူသွားတဲ့ လူကလည်း လူတွေပြောနေကြသလို ဝန်ကြီးချုပ်သား ဆိုပြီးတော့ တစ်ခွန်းမှ မပြောဘူး။ ဝန်ကြီးချုပ်သား ဆိုပြီးတော့ ခေါ်သွားတာလည်း မဟုတ်ဘူး။ အဲဒါတွေက သူတို့အထင်နဲ့ လျှောက်ရေးတာတွေ။ သူကဒီနေရာမှာ လုပ်နေတာကြာပြီ။ ဒါပေမဲ့ သူကဝန်ကြီးချုပ်ရဲ့သား ဆိုတာကို ကျွန်တော်တို့ မသိဘူး။ သူကိုယ်တိုင်ကလည်း မပြောဘူး။ နောက် အခုသွားလုပ်တဲ့ ကိစ္စကလည်း ဝန်ကြီးချုပ်သား အကွက်မို့လို့ သူခေါ်လို့လုပ်တာ မဟုတ်ဘူး။ ခုနကပြောသလို တာဝန်ပေးချက်အရ သွားရတာ” ဟု ဟုမ္မလင်းမြို့နယ် အမှတ် (၂) သတ္တုတူးဖော်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ခဲနန်းရွှေမှော်တွင် ရွှေတူးဖော်နေသူ ဒေသခံတစ်ဦးက “အဲဒီနေရာက စံကုဋေသိန်း ကုမ္ပဏီရဲ့ လျှောက်ထားဆဲ အကွက်ပါ။ တရားဝင်လုပ်ခွင့်တော့ မကျသေးဘူး။ ၂၅ ရက်နေ့ကတော့ ဝန်ကြီးချုပ်သားနဲ့ သက်ဆိုင်ရာတွေလာပြီး အဲ့ဒီနေရာအနီးမှာ တရားမဝင် ရွှေတူးနေတဲ့ လူတွေကို လာဖမ်းသွားတယ်လို့ ကြားလိုက်တယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent