မောင်တောမြို့နယ် တောင်ပြို (ယာ) ချောင်းပေါက်အနီးရှိ နယ်စပ်ခြံစည်းရိုးများကို တစ်ဖက်နိုင်ငံမှလူအချို့က လွှဖြင့်ဖျက်ဆီးသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်

မောင်တောမြို့နယ် တောင်ပြို (ယာ) ချောင်းပေါက်အနီးရှိ နယ်စပ်ခြံစည်းရိုးများကို တစ်ဖက်နိုင်ငံမှလူအချို့က လွှဖြင့်ဖျက်ဆီးသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်
Published 30 June 2018

တစ်ဖက်နိုင်ငံမှ လူအချို့က ဖျက်ဆီးခဲ့သည်ဟုဆိုသော ခြံစည်းရိုးတိုင်များကို တွေ့ရစဉ်

မောင်တောမြို့နယ် တောင်ပြို (ယာ) ချောင်းပေါက်ဝအနီးရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံထားမှုကို တစ်ဖက် နိုင်ငံမှ လူအချို့က ဖျက်ဆီးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက် သတင်း ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ညနေ ၃ နာရီခွဲ တွင် တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်က အဆိုပါ ခြံစည်းရိုးကို လာရောက်ဖျက်ဆီးနေသည်ကို တွေ့ရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အော်ဟစ် မောင်းထုတ်သဖြင့် ၎င်းတို့မှာ ထွက်ခွာသွားခဲ့ ကြကြောင်း၊ ညနေ ၆ နာရီတွင် ၎င်းတို့ ထပ်မံ ရောက်ရှိလာပြီး အဆိုပါ ခြံစည်းရိုးတိုင်များကို ထပ်မံဖျက်ဆီးနေသည်ကိုတွေ့ရ၍ သတိပေး အော်ဟစ်ပြောဆိုရာ ထွက်ခွာသွားခြင်း မရှိဘဲ ပြန်လည် အော်ဟစ်ပြောဆိုပြီး ခြံစည်းရိုးတိုင်များအား လွှဖြင့် ဆက်လက်ဖျက်ဆီးနေသောကြောင့် ရဲအရာရှိတစ်ဦးက အမ်အေ- ၁၁ ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ လာရောက် ဖျက်ဆီးသူများအနက်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ခြံစည်းရိုးကို သွားရောက်စစ်ဆေးရာ တိုင်လေးတိုင်ခန့် ပျက်စီးခဲ့ကြောင်း တွေ့ရှိရပြီး ထပ်မံ မဖြစ်ပွားစေရေး စောင့်ကြည့်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

မောင်တောမြို့နယ် တောင်ပြို (ယာ) ရဲကင်းစခန်း၏ မြောက်ဘက် ကိုက် ၂၀၀ ခန့် အကွာ တောင်ပြို (ယာ) ချောင်းပေါက်ဝအနီး ရှိ မြန်မာဘက်ခြမ်း၌ ရေတိုက်စား၍ ပေ ၁၈၀ ခန့် ပျက်စီးခဲ့သည့် ခြံစည်းရိုးအစား ယာယီ သစ်သားတိုင်၊ သံဆူးကြိုးများဖြင့် ယာယီပြန်လည် ကာရံထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent