အိမ်သာကျင်းရွှေ့ရာမှ အမျိုးသားလေးဦး ဓာတ်လိုက်ခံရပြီး နှစ်ဦးသေကာ နှစ်ဦးဒဏ်ရာရရှိမှု တောင်ငူတွင် ဖြစ်ပွား

အိမ်သာကျင်းရွှေ့ရာမှ အမျိုးသားလေးဦး ဓာတ်လိုက်ခံရပြီး နှစ်ဦးသေကာ နှစ်ဦးဒဏ်ရာရရှိမှု တောင်ငူတွင် ဖြစ်ပွား
Published 30 June 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက အမျိုးသားလေးဦးက သံဖရိန်ဖြင့် လုပ်ထားသောအိမ်သာအား ကျင်းဟောင်းမှ ကျင်းသစ်နေရာသို့ ရွှေ့ပြောင်းစဉ် ကေဘယ်ကြိုးဖြင့် တိုက်မိ၍ဓာတ်လိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်း တောင်ငူအမှတ် (၂)နယ်မြေရဲစခန်းမှ သိရသည်။

လူနှစ်ဦးဓာတ်လိုက်သေဆုံးမှုဖြစ်စဉ် နှင့်ပတ်သက်ပြီး တောင်ငူအမှတ်(၂)နယ် မြေရဲစခန်းမှူး ရဲအုပ်အောင်ကိုကိုက “သံဖရိန်က လျှပ်စစ်စီးပြီးတော့မှ သူတို့လေးယောက်လုံးကိုလိုက်တာ၊ အဲဒီတော့ နှစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့လူ တွေအခြေအနေကတော့ အခြေအနေကောင်းတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က တောင်ငူမြို့၁၁ ရပ်ကွက် ကန်တော်လမ်းရှိ ဆန်စက်တစ်ခုတွင် ဆန်စက်မှ အလုပ်သမားများဖြစ်ကြသည့် ကိုကျော်သူ ၃၀ နှစ် (ဘ)ဦးတင်ရွှေ၊ ကံပေါက်ကြီးရွာ၊ ကိုငြိမ်းထိုက် ၃၀ နှစ်(ဘ)ဦးအောင်ငွေ၊ ဟင်းရည်များကျေးရွာ၊ ကိုဂျစ်တူး ၂၈ နှစ်(ဘ)ဦးကျော်စိုးကံ ပေါက်ကြီးကျေးရွာနှင့်ကိုသက်နိုင်၂၅ နှစ်(ဘ)ဦးမြင့် သိန်းဟင်းရည်များကျေးရွာ တောင်ငူမြို့နယ် နေသူတို့လေးဦးမှာ ဆန်စက်တွင်ရှိသောအမြင့် ခုနစ်ပေရှိသည့် သံဖရိန်ဖြင့် လုပ်ထားသော အိမ်သာအား ကျင်းဟောင်းနေရာမှကျင်း သစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် သံဖရိန်အိမ်သာအား ဆန်စက်အတွင်းရှိ စပါးခွံပုံပေါ်အားဖြတ်၍ မရွှေ့ရာမှ စပါးခွံပုံအထက် အမြင့်ခုနစ်ပေခန့်တွင် သွယ်တန်းထားသော 11kv ဓာတ်အားကြိုးနှင့် အိမ်သာသံဖရိန်တို့ထိမိပြီး အလုပ်သမားလေး ဦးစလုံးအား ဓာတ်လိုက်ခံရခြင်း ဖြစ်သည်။

ဓာတ်လိုက်ခံရသူလေးဦးအနက်ကို ကျော်သူနှင့်ကိုငြိမ်းထိုက်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုဂျစ်တူးနှင့် ကိုသက်နိုင်တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent