ပုသိမ်မြို့တွင် အိမ်အကူမိန်းကလေးကို ဆဲဆိုရိုက်နှက်နှိပ်စက်ခဲ့သည်ဟုဆိုသူ သုံးဦးအား ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်

ပုသိမ်မြို့တွင် အိမ်အကူမိန်းကလေးကို ဆဲဆိုရိုက်နှက်နှိပ်စက်ခဲ့သည်ဟုဆိုသူ သုံးဦးအား ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်
Published 30 June 2018

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက် တကောင်းဘုရားလမ်းရှိ Design King  အထည်ဆိုင်တွင် လာရောက်လုပ်ကိုင်သည့်အိမ်အကူ မိန်းကလေးနော် ဘွေဒီးဝါးကို ဆဲဆိုရိုက်နှက်နှိပ်စက်ခဲ့သည်ဆိုသူ ပိုင်ရှင်ဦးထက်လင်းသော် အပါအဝင်သုံးဦးအား ဇွန် ၂၈ ရက်က ပုသိမ်မြို့နယ်မြေရဲစခန်းတွင် လာရောက်အမှုဖွင့်တိုင်ကြားခဲ့သောကြောင့် ပုဒ်မခြောက်ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေကြည်မြို့နယ် ဓာတ်တော်ကုန်းကျေးရွာနေထိုင်သူ နော်ဘွေဒီးဝါးမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင်အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ အထည်ဆိုင်ပိုင်ရှင် ဦးထက်လင်းသော်နှင့် ဇနီးဖြစ်သူ မဇင်မင်းသူတို့က ဆဲဆိုရိုက်နှက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ မီးပူနှင့်ဒဏ်ရာရ အောင်လုပ်ခြင်းအပါအဝင် ဆိုင်လုပ်သားဖြစ်သူ အောင်အောင်ကလည်း ထိုးကြိတ်ခဲ့ကြောင်း တိုင်ကြားလာသဖြင့် ၎င်းတို့သုံးဦးအား ပုသိမ်မြို့ နယ်မြေရဲစခန်းတွင် အမှုအမှတ် ၂၉၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ၃၂၄၊ ၃၂၃၊ ၂၉၄၊ ၅၀၀/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူကုန်တားဥပဒေဖြင့် ငြိစွန်းခြင်း ရှိမရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း၊ စစ်ဆေးပြီးတွေ့ရှိပါက ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်။

“လက်ရှိဒဏ်ရာတွေတော့ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆေးစာတွေပို့ထားပြီး ဖြစ်ရတဲ့အကြောင်းတွေကို စိစစ်နေပါတယ်။ စိစစ်ပြီးတော့မှ တွေ့ရှိချက်အတိုင်း ငြိစွန်းတဲ့ပုဒ်မနဲ့ထပ်ပြီး အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အိမ်အကူမိန်းကလေးအား နှိပ်စက်ခဲ့သည်ဆိုသူသုံးဦးအား အာမခံဖြင့် ထားရှိပြီး စစ်ဆေးတွေ့ရှိချက်များအတိုင်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent