မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ ပြောကြား

မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ ပြောကြား
Published 30 June 2018

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးသွားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံနေသော သိန်းနှင့်ချီသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံသည် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်အစိုးရအဖွဲ့၏ ထိပ်တန်းသံတမန်က ဘင်္ဂလားဒေ့ရှ်သံတမန်ကို ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်သည် စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် မီးရှို့မှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့သည်ဟု ကုလသမဂ္ဂနှင့် အခြားအကူအညီပေးရေး အဖွဲ့များက ပြောကြားခဲ့သည်။

မေလတွင် ကုလသမဂ္ဂက ဒုက္ခသည်များ ပြန်လည်ရန်ခွင့်ပြုရေးကို ရည်ရွယ်လျက် မြန်မာနိုင်ငံနှင့် အကြမ်းဖျင်း သဘောတူညီချက် တစ်ရပ်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယီက သူသည် မြန်မာနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇွန် ၂၈ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး ၎င်းထံမှ ပြန်လည်လက်ခံရေးကိစ္စကို ဖြေရှင်းရန် မြန်မာနိုင်ငံက ကြိုးစားနေပုံနှင့်ပတ်သက်၍ အစီရင်ခံမှုတစ်ရပ်ကို ကြားခဲ့ရသည်ဟု ဆိုသည်။

“ဒုက္ခသည်အဖြစ်ခံယူဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်သွားခဲ့သူတွေကို လက်ခံဖို့ မြန်မာဘက်က အဆင်သင့်ပြင်ထားနှင့်ပြီးဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ခံစားမိပါတယ်” ဟု ဝမ်ယီက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူဟက်ဆန်မာမွတ်အလီနှင့်အတူ သတင်းထောက်များအား ပြောကြားခဲ့သည်။

“ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အထူးသဖြင့် ပထမဆုံး ပြန်လာမယ့်အသုတ် ဖြစ်နိုင်သမျှ မြန်မြန်အကောင်အထည်ပေါ်လာတာကို မြင်ရဖို့ ကျွန်တော်တို့ တကယ်မျှော်လင့်မိပါတယ်” ဟု ဝမ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အကူအညီများပေးကာ အပြုသဘောဆောင်သော ပါဝင်မှု ပြုလုပ်နေပြီး ပြန်လာမည့်သူများအတွက် မြန်မာနိုင်ငံသို့ ယာယီအိမ်များ တည်ဆောက်မှု ထောက်ပံ့ထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း ယာယီတဲများနှင့် အခြားလူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးထားကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့  ကြိုးစားပမ်းစား လုပ်ဆောင်ခြင်းနဲ့အတူ ဒီပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဟာ ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး တွေ့မြင်လိုပါတယ်” ဟု ဝမ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး မြန်မာအာဏာ ပိုင်များက ဥပဒေနှင့်အညီ အကြမ်းဖက်မှု တန်ပြန်ခြင်းဟုခေါ်ဆိုသော စစ်ဆင်ရေးကို ကျောထောက်နောက်ခံပြုပေးထားသည့် နိုင်ငံဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အလီကလည်း ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ ဟုဖော်ပြ) နှင့် ပတ်သက်၍ ဝမ်ယီနှင့်အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီရွှေ့ပြောင်းခံခဲ့ရတဲ့ လူတွေကို သူတို့နေထိုင်ရာဆီပြန်ဖို့  အစောပိုင်း ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ်မှာ အထောက်အကူပြုတဲ့ ဝန်းကျင်တစ်ရပ် အာမခံရေးမှာ တရုတ်ရဲ့ ထောက်ခံညီမှုရရှိအောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်” ဟု အလီက ပြောကြားခဲ့သည်။

“ဒီကိစ္စကို ဖြေရှင်းရာမှာ အကူအညီတွေ ဆက်ပြီး ပေးသွားမယ်လို့ တရုတ်က အာမခံခဲ့ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်း ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက နေကြီးမားလှတဲ့ ထောက်ပံ့မှုကို ကျွန်တော်တို့ ရရှိခဲ့ပြီးပြီလို့ ထင်ပါတယ်” ဟုလည်း အလီက ပြောကြားခဲ့သည်။

Ref ; Reuters

Most Read

Most Recent