၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန် UPDJC အတည်ပြုဆုံးဖြတ်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန် UPDJC အတည်ပြုဆုံးဖြတ်
Published 30 June 2018

နေပြည်တော်တွင် ဇွန် ၂၉ရက်က ပြုုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် UPDJC အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအား ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပရန် ဇွန် ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာတော့ ကျွန်တော်တို့လာမယ့် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးကိုကျင်းပဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီတတိယအကြိမ်အစည်းအဝေးမှာ ကျွန်တော်တို့ တင်သွင်းမယ့် စာတမ်းတွေကိစ္စကိုလည်း ညှိနှိုင်းနိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် အင်မတန်မှအောင်မြင်တဲ့ အစည်းအဝေးလို့ ပြောချင်ပါတယ်” ဟု UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ကဏ္ဍငါးရပ်ဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်းကဏ္ဍများအနက် ယခင်ကသဘောတူညီထားသည့် လုံခြုံရေး ကဏ္ဍအား ဆုံးဖြတ်ချက်မချရန် သဘောတူညီထားကြောင်း၊ အချို့ကဏ္ဍများတွင် ညှိနှိုင်း၍ မရနိုင်သည့်အခက်အခဲများရှိခဲ့ပြီး ဆက်လက်ဆွေးနွေးပါက အဆင်ပြေသွားမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းက ပြောကြားသည်။

ယခုပြုလုပ်ခဲ့သည့် UPDJC အစည်းအဝေးသည် အချက်အလက်များအားစုစည်း ကာ ခေါင်းစဉ်များအား သဘောတူညီသည့် အဆင့်သာရှိပြီး သဘောတူညီသည့် ခေါင်းစဉ်များအား ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ထပ်မံပြုလုပ်မည့် ကဏ္ဍအလိုက်လုပ်ငန်း ကော်မတီအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီလုပ်ငန်း ကော်မတီအစည်းအဝေး ထပ်ပြီးတော့ဆွေးနွေးပြီးတော့ အဲဒီအဆင့်ကျမှ ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာကို ကျွန်တော်တို့စုစည်းနိုင်မှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ UPDJC အစည်းအဝေးကို ထပ်ပြီးတော့ သွားဖို့တင်ပြမယ်။ ပြီးလို့ရှိရင် ညီလာခံကိုတင်ပြသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု တတိယပင်လုံအစည်းအဝေးသို့ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ဖိတ်ကြားရန်ဆုံးဖြတ်ထားပြီး တစ်ဖွဲ့ချင်းစီအား နည်းလမ်းပေါင်းစုံဖြင့် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း UPDJC  အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“တစ်ဖွဲ့ချင်းကို ကျွန်တော်တို့က သင့်တော်သလိုပေါ့။ ဖိတ်သွားမှာဖြစ်ပါတယ်။ မြောက်ပိုင်း သုံးဖွဲ့ကိုဖိတ်ဖို့ ကိစ္စတော့ ကျွန်တော့်အနေနဲ့ အထူးသဖြင့် အစိုးရဘက်ကကိုင်တွယ်တဲ့ကိစ္စဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အသေးစိတ်တင်ပြဖို့ အခက်အခဲရှိပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် “ဝ” အဖွဲ့၊ မိုင်းလားအဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကို ဖိတ်ကြားမည်ဖြစ်သော်လည်း ကျန်သုံးဖွဲ့ဖြစ်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အား ဖိတ်ကြားရန် တပ်မတော်နှင့် အစိုးရဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက ပြောကြားထားသည်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အနေဖြင့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ အဖွဲ့ဝင်အားလုံးဖိတ်ကြားမှသာ တက်ရောက်မည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့ပြင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအ မျိုးသားတိုးတက်ရေးပါတီ (KNPP) ကို ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်သော်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ကို ဖိတ်ကြားမည်မဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားထားသည်။

Most Read

Most Recent