မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်ခံထားရသော မြန်မာတိုင်းမ်အယ်ဒီတာချုပ်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူ ရော့စ်ဒန်ကလေအပါအဝင် ကိုးဦးအား လာမည့်ရုံးချိန်းတွင် တရားစွဲမည်

မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်ခံထားရသော မြန်မာတိုင်းမ်အယ်ဒီတာချုပ်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူ ရော့စ်ဒန်ကလေအပါအဝင် ကိုးဦးအား လာမည့်ရုံးချိန်းတွင် တရားစွဲမည်
Published 30 June 2018

မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်ခံထားရသော မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်းနှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုသူ ရော့စ်ဒန်ကလေအပါအဝင် ကိုးဦးအား ဇူလိုင် ၆ ရက် လာမည့်ရုံးချိန်းတွင် တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေ၊ ဗြိတိန်နိုင်ငံသား Mr.John Goryin Mckenzie  နှင့်အတူ မြန်မာနိုင်ငံသားခြောက်ဦးတို့ကို ဇွန် ၂၉ ရက်က ဗပာန်းမြို့နယ်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ရမန်ယူကာ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့တရားရုံးချိန်းက ရမန်ပဲယူလိုက်တယ်။ ချုပ်တာက တစ်လပဲရတယ်။ နောက်တစ်ပတ်ရုံးချိန်းကျရင်တော့ တရားစွဲမှာဖြစ်ပါတယ်။ ခရိုင်တရားရုံးမှာ စွဲမယ်လို့သိရတယ်” ဟု ဗဟန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံဟုဆိုသူ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေ၏ နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ နှင့် အခြားမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗဟန်းမြို့နယ် နေအိမ်တွင် ငှားရမ်းနေထိုင်သည့် အသက် ၆၀ အရွယ် သြစတြေးလျနိုင်ငံသား အပြည်ပြည်ဆိုင်ရာမီဒီယာ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူနှင့် ၆၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Go Media မန်နေဂျင်းဒါရိုက်တာတို့အပြင် မူးယစ်ဆေးလာရောက်သုံးစွဲနေသည်ဟု ယူဆရသည့် မြန်မာအမျိုးသားတစ်ဦး၊ အမျိုးသမီး ခြောက်ဦးတို့ကို အဆိုပါနေအိမ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၊ အိုက်စ်ဟုယူဆရသည့် မူးယစ်ဆေးဝါး ၂၆၅ ဂရမ်၊ ဘိန်းဆီခဲသုံးခဲ၊ ဆေးခြောက်ဟုယူဆရသည့် အရိုးအရွက်ခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူဟုယူဆရသည့် ဆေးဝါး ၀ ဒသမ ၂ ဂရမ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖမ်းဆီးရမိခဲ့သည့် သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေမှာ ယခင်က Myanmar Time ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီး ရမိသူများကို ဗဟန်းမြို့မရဲစခန်းက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ၂၀ (က) ၂၁ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 

Most Read

Most Recent