တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၁၀ ဘီလျံကျော်ကျဆင်းမှုကြောင့် MTSH ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ခုနှစ် အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာရရှိပြီး ယမန်နှစ်ထက် ၄၂ ရာခိုင်နှုန်း ကျဆင်း

တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၁၀ ဘီလျံကျော်ကျဆင်းမှုကြောင့် MTSH ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ခုနှစ် အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာရရှိပြီး ယမန်နှစ်ထက် ၄၂ ရာခိုင်နှုန်း ကျဆင်း
Published 30 June 2018

MTSH အပါအဝင် စာရင်းဝင်ကုမ္ပဏီငါးခု၏ အစုရှယ်ယာများကို အဓိကအရောင်းအဝယ်ပြုလုပ်နေသည့် ရန်ကုန်စတော့အိတ်ချိန်းကို တွေ့ရစဉ်

တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၁၀ ဘီလျံကျော် ကျဆင်းမှုကြောင့် MTSH (Myanmar Thiwalar SEZ Holdings Public Limited)  ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် အခွန်နှုတ်ပြီး အသားတင်အမြတ် ကျပ် ၁၂ ဒသမ ၉ ဘီလျံသာရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း MTSH မှ ဇွန် ၂၉ ရက်တွင် ထုတ်ပြန်မှုအရ သိရသည်။

သီလဝါ အများပိုင်ကုမ္ပဏီအုပ်စု၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုများကို TPD နှင့် MJTD တွင် အများဆုံးမြှုပ်နှံခဲ့သော်လည်း အဆိုပါကုမ္ပဏီများတွင်အမြတ်ရရှိမှု ကျဆင်းခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

TPD (Thilawa Property Development ) အနေဖြင့် တိုးတက်မှုနှေးကွေးနေသည့် အိမ်ခြံမြေကဏ္ဍမှ ကျပ် ၃ ဒသမ ၈ ဘီလျံ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး MJTD (Myanmar Japan Thilawa Development ) ကုမ္ပဏီ၏ ဝင်ငွေအားဖြင့် ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း အကြမ်းအမြတ်တွင်မူ နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

MTSH ကုမ္ပဏီအုပ်စုအနေဖြင့်၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အခွန်လျာထားပြီး အသားတင်အမြတ် ကျပ် ၂၂ ဒသမ ၃ ဘီလျံအထိ ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် ရှစ်ရာခိုင်နှုန်းတိုးတက်ကာ ရှယ်ယာတစ်စု ဝင်ငွေ ၅၅၃ ကျပ်အထိ ရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ အခွန်မလျာထားမီ အသားတင်အမြတ်မှာ ကျပ် ၁၂၉၆၄ သန်းသာရှိပြီး ယမန်နှစ်က ရရှိခဲ့သည့် ကျပ် ၂၂ ဒသမ ၈၄၁ ဘီလျံထက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထို့ပြင် အခွန်နှုတ်ပြီး အသားတင်အမြတ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကျပ် ၂၂၃၁၇ သန်းအထိ ရှိခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၂၉၂၁ သန်းသာရှိပြီး ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

MTSH ကုမ္ပဏီအုပ်စုအနေဖြင့် ထိုသို့ အမြတ်ငွေကျဆင်းမှု၌ တွဲဖက်ကုမ္ပဏီများမှ အမြတ်ငွေ ကျပ် ၇ ဒသမ ၇ ဘီလျံ ကျဆင်းမှုနှင့် အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်မှု ဈေးနှုန်းတည်ငြိမ်ခဲ့ခြင်းကြောင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ကကဲ့သို့ ငွေကြေးလဲလှယ်မှုအမြတ်ငွေ ကျပ် ၂ ဒသမ ၆ ဘီလျံကျဆင်းခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမြတ်ငွေကျဆင်းမှုကြောင့် အစုရှယ်ယာများ၏ အမြတ်ဝေစုခွဲဝေပေးနိုင်မှုမှာလည်း ဘဏ္ဍာနှစ်သုံးနှစ်အတွင်း စံချိန်တင် အနိမ့်ဆုံးခွဲဝေမှုဖြစ်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၂၃၀ သာ ခွဲဝေပေးနိုင်မည် ဖြစ်သည်။ အစုရှယ်ယာများအတွက် အမြတ်ဝေစု ခွဲဝေမှုများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ MTSH စာရင်းဝင်သည့် သီလဝါရှယ်ယာမှာ အစုပေါင်း ၃၈၉၂၉၁၅ စုသာရှိသဖြင့် ရှယ်ယာတစ်စု ကျပ် ၂၅၀၀ အမြတ်ခွဲဝေခဲ့သော်လည်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ရှယ်ယာတစ်စုကို ၁၀ စုအဖြစ် ခွဲစိတ်ခဲ့သည့်အတွက် ၃၈၉၂၉၁၅၀ စုသို့ ရောက်ရှိလာသဖြင့် ရှယ်ယာတစ်စုအတွက် အမြတ်ခွဲဝေမှု ကျပ် ၂၆၀ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ခွဲဝေပေးမည့်ပမာဏမှာ ကျပ် ၁၀၁၂၁ ဒသမ ၅၈ သန်းရှိကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမြတ်ခွဲဝေမှုဖြစ်သည့် ကျပ် ၉၇၃၂ သန်း ကျော်ထက်သာလွန်ခဲ့သည်။ ထိုသို့ ယမန်နှစ်က အမြတ်ခွဲဝေမှုသာ လွန်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်မူ ကျပ်သန်း ၈၉၅၃ ဒသမ ၇၀ သာ ခွဲဝေပေးမည်ဖြစ်ပြီး ယမန်နှစ်ကထက် အမြတ်ခွဲဝေပေးနိုင်မှု တစ်ဘီလျံကျော် ကျဆင်းခဲ့သည်။

Most Read

Most Recent