လှည်းကူးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား ဥပဒေအရာရှိ အမျိုးသမီးက သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့်အမှု နှစ်ဖက်ရှေ့နေ ပါဝါတင်

လှည်းကူးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား ဥပဒေအရာရှိ အမျိုးသမီးက သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့်အမှု နှစ်ဖက်ရှေ့နေ ပါဝါတင်
Published 29 June 2018

အိမ်အကူ အမျိုးသမီးအား နှိပ်စက်သည်ဟု စွပ်စွဲခံရသည့် ဥပဒေအရာရှိ အမျိုးသမီး (မိုးကာအကျီ ဝတ်ထားသူ) အား ဇွန် ၂၈ ရက် ရုံးချိန်း၌ တွေ့ရစဉ်

လှည်းကူးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့်အမှုတွင် နှစ်ဖက်ရှေ့နေများမှာ ဇွန် ၂၈ ရက်တွင် တောင်ပိုင်းခရိုင် တရားရုံး၌ ပါဝါတင်ခဲ့သည်။

နှစ်ဖက်ရှေ့နေ ပါဝါတင်ရာတွင် နှိပ်စက်ခံရသဖြင့် သေဆုံးခဲ့သည်ဟု ဆိုသည့် အိမ်အကူ အမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများ တရားရုံးသို့ မရောက်ရှိသေးချိန်၌ ဥပဒေအရာရှိ အမျိုးသမီးအား ရုံးထုတ်ခဲ့သည်။

အိမ်အကူ အမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်စန်းစန်းမြင့်က “ဥပဒေအရာရှိနဲ့ ကျူးလွန်သူဘက်က ရှေ့နေရှိရင် ပါဝါတင်လို့ ရတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တရားသူကြီးကို ကျွန်မဘက်က နှစ်နာရီလောက် တရားရုံးကို ရောက်မယ်လို့ တင်ပြထားတယ်။ သူတို့က ကျွန်မ မရှိဘဲ ကျူးလွန်သူကို ရုံးထုတ်ပြီး ပါဝါတင်သွားပါတယ်။ နောက်ဒါမျိုး မဖြစ်ဖို့တော့ ဆုတောင်းထားပါတယ်”ဟု ပြောကြားသည်။

ရုံးချိန်းအား လာမည့် ဇူလိုင် ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အဆိုပါ ရုံးချိန်း၌ အမှုမှ တရားလို အုတ်ဖိုကျေးရွာ အုပ်ချုပ်ရေးမှူးအား စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။

အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးမှာ ရုံးထုတ်လာသည့်အချိန်တွင် မျက်နှာအား Mask ဖြင့် အုပ်ထားခြင်း၊ မိုးကာအင်္ကျီ ဝတ်ကာ ခေါင်းစွပ်ဆောင်းထားခြင်းနှင့် ဦးထုပ်ဆောင်းခြင်းများ ပြုလုပ်ထားခဲ့သည့်အပြင် ၎င်းအား ရဲတပ်ဖွဲ့ဝင်အများအပြားက ကာထားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရုံးထုတ်ချိန်မှာ မျက်နှာမမြင်အောင် ကာတာတွေ မလုပ်ဖို့ ကျွန်တော်ရဲ့ အမှုသည်ကို ပြောထားပါတယ်။ ဒါပေမဲ့ သူက အခုချိန်မှာ ကြောက်နေတယ်။ ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရတယ်”ဟု ဖမ်းဆီးခံထားရသူ ဥပဒေအရာရှိ အမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ ထူးခြားဖြစ်စဉ် ဖြစ်သဖြင့် ရုံးချိန်းသို့ လူအများအပြား လာရောက် ကြည့်ရှုခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်မှာ တွံ့တေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ သေဆုံးသူ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈နှစ်) မှာ ပြီးခဲ့သည့် ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းရှိ နေအိမ် တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ အဆိုပါ နေအိမ်တွင် လုပ်ကိုင်နေစဉ် ဆွဲကြိုးခိုးသည်ဟု စွပ်စွဲခံရပြီး နေအိမ်မှ အိမ်ရှင်အမျိုးသမီး ဖြစ်သည့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်) က ခြေထောက်ဖြင့် ကန်ကာ ကျောက်ပြင်ဖြင့် ထုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မကရင်မ၏ အလောင်းကို ရဲတပ်ဖွဲ့က တွံတေးဆေးရုံသို့ ပို့အပ် စစ်ဆေးစေရာ ဦးခေါင်းယာချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းညိုမည်းဒဏ်ရာ၊ အူတစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာများ တွေ့ရှိသည်ဟု မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်။

နှိပ်စက်ညှဉ်းပန်းခံရသဖြင့် သေဆုံးခဲ့သည်ဟုဆိုသည့် အိမ်အကူအမျိုးသမီး၏ သားသမီးလေးဦးမှာ လက်ရှိအချိန်တွင် တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ၌ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအား ရပ်ရွာနေသူများမှ ကူညီထားကြောင်း သိရသည်။

Most Read

Most Recent