ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ယန်ဟီးလီက မြန်မာနိုင်ငံရှိ ဆယ်စုနှစ်များချီလျက်ရှိပြီဖြစ်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ယန်ဟီးလီက မြန်မာနိုင်ငံရှိ ဆယ်စုနှစ်များချီလျက်ရှိပြီဖြစ်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို တောင်းဆို
Published 29 June 2018

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးလျက် တရားစွဲရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို ဇွန် ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

“ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိခြင်းသာ မြန်မာနိုင်ငံကလူတွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုသံသရာကို အဆုံးသတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂမှ ကျွမ်းကျင်သူ ယန်ဟီးလီက စွပ်စွဲထားသည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးလျက် ICC ၌ တရားစွဲဆိုရန် အားထုတ်မှုများကို ထောက်ခံရန်လည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသို့ တောင်းဆိုခဲ့သည်။

သူက လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုမြောက်နိုင်ဖွယ်ရှိသည့် မြန်မာလုံခြုံရေးတပ်များက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ) မွတ်စလင်အသိုင်းအဝိုင်းအပေါ် ကျယ်ပြန့်စွာနှင့် စနစ်တကျ တိုက်ခိုက်ခဲ့မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း ယုံကြည်ရသည့် သက်သေ အထောက်အထားများရှိသည်ဟု ပြောကြားခဲ့သည်။

“နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာလူသားဆန်မှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရသူတွေကို ICC ဒါမှမဟုတ် ယုံကြည်ရတဲ့ လုပ်ငန်းစဉ်တစ်ရပ်နဲ့ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ ကျွန်မ ပြင်းပြင်းထန်ထန် အကြံပြုပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။

“အဲဒီလို ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုအတွက် ပြင်ဆင်ဖု့ိ အဲဒီလို ရာဇဝတ်မှုတွေ ဆယ်စုနှစ်ချီ ကြာနေတာကို နောက်ဆုံးမှာ အဆုံးသတ်ဖို့နဲ့ တရားမျှတမှုကို ဆောင်ကြဉ်းပေးရေးအတွက် ထိရောက်စွာ ဆောင်ရွက်ဖို့ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ကြန့်ကြာမှုမရှိဘဲ ကုလသမဂ္ဂရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ထူထောင်ဖို့ ကျွန်မအကြံပြုပါတယ်” ဟုလည်း ယန်ဟီးလီက ပြောကြားခဲ့သည်။

ယန်ဟီးလီက ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မကြာမီကတည်းက ရှည်ကြာစွာ ဖြစ်ပေါ်နေခဲ့သော ပဋိပက္ခများကို တိုင်းရင်းသားပြည်သူများ ခံနေရသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ အခြားနယ်စပ်ဒေသများတွင် လုံခြုံရေးတပ်များက စစ်ရာဇဝတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများအကြောင်းလည်း သတိပေးခဲ့သည်။

ယန်ဟီးလီက ယင်းအနေအထားကို ICC သို့ လွှဲပြောင်းရန် ညီညီညွတ်ညွတ် ဆုံးဖြတ်နိုင်ပုံမရသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့်ပတ်သက်၍ အကြီးအကျယ် စိုးရိမ်မိကြောင်းနှင့် အရေးပေါ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ တာဝန်ခံမှုရှိသည့် လုပ်ငန်းစဉ်တစ်ရပ် ထူထောင်ရန် သူ၏ အဆိုပြုချက်ကို ထောက်ခံရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ကလေးများနှင့် အမျိုးသမီးများ အများစုပါဝင်သော ဒုက္ခသည် ၇၅၀,၀၀၀ သည် မြန်မာတပ်မတော်က စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီးနောက် မြန်မာနိုင်ငံမှ နယ်စပ်ကိုဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က အစီရင်ခံခဲ့သည်။

လွန်ခဲ့သည့်နှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ) အနည်းဆုံး ၉၄၀၀ သတ်ဖြတ်ခံခဲ့ရသည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂက အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရက်စက်စွာ ရိုက်နှက်ခြင်းနှင့် အစဖျောက်ပစ်ခြင်းတို့ကို လုံခြုံရေးတပ်များက ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂက မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။

အစီရင်ခံစာတစ်စောင်တွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ယင်းကဲ့သို့သော ချိုးဖောက်မှုများသည် လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှုမြောက်နိုင်သည်ဟု ကြေညာထားသည်။

Ref: FNA

Most Read

Most Recent