ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ သတ္တမပုံမှန်အစည်းအဝေးကာလအတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှု အများဆုံးဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ စီးပွားရေးကဏ္ဍတွင် မေးမြန်းမှုနည်းကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) ထုတ်ပြန်

ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ သတ္တမပုံမှန်အစည်းအဝေးကာလအတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှု အများဆုံးဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ စီးပွားရေးကဏ္ဍတွင် မေးမြန်းမှုနည်းကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) ထုတ်ပြန်
Published 29 June 2018

ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ သတ္တမပုံမှန် အစည်းအဝေးကာလအတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှု အများဆုံးဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ စီးပွားရေးကဏ္ဍတွင် မေးမြန်းမှုနည်းကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ရှင်းလင်းပြောကြားသည်။

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ORCHID ဟိုတယ်၌ ဇွန် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်များ၏ သတ္တမပုံမှန် အစည်းအဝေး သုံးသပ်ချက်နှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က အထက်ပါကဲ့သို့ ထည့်သွင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးမှာ မေးခွန်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်။ အဲဒီမေးခွန်းမေးမြန်းမှုတွေကို အကြောင်းအရာကဏ္ဍ ခွဲခြားလိုက်ပါတယ်။ အဲဒီအခါမှာ ပြည်သူ့လွှတ်တော်မှာ အကြောင်းအရာကဏ္ဍ (၂၇) ခုအပေါ်မှာ မေးမြန်းထားတာကို တွေ့ရပါတယ်။ မေးမြန်းတဲ့ အကြောင်းအရာတွေထဲမှာ အများဆုံး အကြောင်းအရာကတော့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းမှု အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ မေးခွန်း မေးမြန်းမှု အနည်းဆုံးအကြောင်းအရာ အနေနဲ့တော့ ခရီးသွားလုပ်ငန်းလိုမျိုးမှာ မေးခွန်းမေးမြန်းမှု အနည်းဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်” ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထို့ပြင် ပုံမှန်လွှတ်တော်အစည်းအဝေး အကြိမ်များ၌ မေးခွန်းမေးမြန်းမှုကို အကြောင်းအရာကဏ္ဍအနေဖြင့် ကြည့်မည်ဆိုပါက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မေးမြန်းမှုအများဆုံး ဖြစ်နေသည်ကို တွေ့ရကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ထို့အတူ ပြည်သူ့လွှတ်တော်တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အများဆုံးမေးမြန်းသည့်အပြင် ကျန်းမာရေး၊ စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်းများကို မေးမြန်းမှုများကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) က ထုတ်ပြန်ထားသည်။

“လွှတ်တော်နှစ်ရပ်လုံးမှာ ဒီအတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း မေးခွန်းမေးမြန်းတဲ့ အကြောင်းအရာတွေကို ကြည့်တဲ့အခါမှာ အများဆုံးမေးမြန်းတဲ့ ကဏ္ဍသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသားလွှတ်တော်မှာကျတော့ မေးခွန်းမေးမြန်းမှု အနည်းဆုံး အကြောင်းအရာတွေက ဘဏ္ဍာရေးတို့၊ စီးပွားရေးတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်” ဟု ဦးအေးကျော်က ဆက်လက် ပြောကြားသည်။

ထို့ပြင် အမျိုးသားလွှတ်တော်၌ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအပြင် ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း မေးမြန်းမှုများကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ဆိုသည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ သတ္တမပုံမှန်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် ဇွန်နဝါရီ ၁၅ ရက်မှ မတ် ၃၀ ရက်များအတွင်း ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးကို စုစုပေါင်း ၃၂ ရက်၊ အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးကို စုစုပေါင်း ၃၃ ရက်နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို စုစုပေါင်း ၂၂ ရက်ကြာ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ထုတ်ပြန်ထားသည်။

Most Read

Most Recent