တနင်္သာရီမြို့နယ်တွင် ပထွေးဖြစ်သူက ရှစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

တနင်္သာရီမြို့နယ်တွင် ပထွေးဖြစ်သူက ရှစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်မှု ဖြစ်ပွား
Published 29 June 2018

တနင်္သာရီမြို့နယ်တွင် ပထွေးဖြစ်သူက အသက်ရှစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု အမှတ် (၈)ကျေးရွာတွင် နေထိုင်သော ဒေါ်သန်းရီမှာ ဇွန် ၂၇ ရက်က မောတောင်ရဲစခန်းသို့ ရောက်ရှိလာပြီး အမှတ် (၈) ကျေးရွာတောင်ဘက် တစ်မိုင်ခန့်ဝေးသော တောင်ယာတဲတွင် နောက်အိမ်ထောင်ဖြစ်သူ ဦးကျော်သန်းနှင့် သမီးများဖြစ်သော မ--- (၈)နှစ် ဒုတိယတန်းကျောင်းသူနှင့် မ---(၅)နှစ် မူကြိုတို့အား ဇွန် ၁၄ ရက်က ထားခဲ့ကာ အမှတ် (၈)ကျေးရွာတွင် ဆန်နှင့် ပစ္စည်းတချို့ဝယ်ရန် သွားရောက်ခဲ့ ပြောကြားသည်။

ပစ္စည်းတချို့ဝယ်ပြီး ပြန်လည်ရောက်ရှိလာစဉ် သမီးအကြီးမှာ အိပ်ရာထဲမှမထနိုင်ဘဲ ဖြစ်နေသည်ကို တွေ့ရသောကြောင့် မေးမြန်းရာ သမီးငယ်က ဦးကျော်သန်းက သူ၏ အစ်မအား လိင်ဆက်ဆံနေသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ခင်ပွန်းဖြစ်သူအားမေးမြန်းရာ မဟုတ်ကြောင်း ငြင်းဆိုသဖြင့် သမီးများအား ခင်ပွန်းမှ ရန်ရှာမည်စိုးရိမ်၍ ရေသွားချိုးမည်ဟုပြောကာ ရေချောင်းတစ်ဖက်သို့ခေါ်ဆောင်ကာ မေးမြန်းခဲ့ရကြောင်း သိရသည်။ ထိုသို့ မေးမြန်းရာ သမီးအကြီးအိပ်နေစဉ် ဦးကျော်သန်းက ဘောင်းဘီအားချွတ်ကာ ကာမဆက်ဆံခဲ့ကြောင်း၊ မ---မှာ နာကျင်ပြီး အော်ခဲ့ရာ တဲအောက်တွင် ကစားနေသော ညီမဖြစ်သူက တဲပေါ်တက်လာပြီး ဦးကျော်သန်း၏ ကျောကုန်းအား နှစ်ချက်ထုခဲ့သော်လည်း ဦးကျော်သန်းက ဆက်လက်ပြုကျင့်ခဲ့ကြောင်း၊ မ---မှာ နာကျင်လွန်းပြီး ထပ်မံအော်သောအခါမှ ရပ်နားလိုက်ကြောင်း၊ ညီအစ်မ နှစ်ဦးစလုံးကိုလည်း အမေဖြစ်သူကိုပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်နီးချင်းဖြစ်သူ ဒေါ်အေးရီအား ပြောပြအကြံဉာဏ်တောင်းနေစဉ် အရန်သွားဖွားဆရာမ ဒေါ်လွမ်းပိုရောက်ရှိလာပြီး တိုင်ပင်ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူမှာလည်း ခင်ပွန်းဖြစ်သူ ရန်ပြုမည်စိုးရိမ်သောကြောင့် အမှုဖွင့်မတိုင်ကြားသလို တောင်ယာထဲသို့လည်း မသွားရဲဘဲ အမှတ် (၈) ကျေးရွာတွင် နေထိုင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် အမှုဖွင့်မတိုင်ကြားပါက ခင်ပွန်းဖြစ်သူက ယခုဖြစ်စဉ်မျိုး ထပ်မံကျူးလွန်လာနိုင်သောကြောင့် ဇွန်၂၇ ရက်တွင် မောတောင်နယ်မြေ ရဲစခန်းသို့လာရောက် တရားလိုပြုလုပ် တိုင်တန်းခဲ့ရကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဦးကျော်သန်း (၃၅) နှစ်၊ အမှတ် (၈) ကျေးရွာနေသူအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကာ ရဲအုပ်ဝင်းလှိုင်က အမှုဖွင့်ပေးခဲ့ပြီး မောတောင်နယ်မြေရဲစခန်းမှ (ပ)၁၁/၂၀၁၈၊ အမှုကြီးအမှတ်စဉ် (၁/၂၀၁၈) ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent