ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု တာထွက်မကောင်းသဖြင့် လက်ရှိနှုန်းအတိုင်း ဆက်သွားပါက ခြောက်လတာကာလလျာထားချက် ဒေါ်လာသုံးဘီလျံပြည့်မီရန် အခက်အခဲ ရှိနေဟုဆို

ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု တာထွက်မကောင်းသဖြင့် လက်ရှိနှုန်းအတိုင်း ဆက်သွားပါက ခြောက်လတာကာလလျာထားချက် ဒေါ်လာသုံးဘီလျံပြည့်မီရန် အခက်အခဲ ရှိနေဟုဆို
Published 29 June 2018

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးလျက်ရှိရာ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု တာထွက်မကောင်းသဖြင့် လက်ရှိနှုန်းအတိုင်း ဆက်သွားပါက ခြောက်လတာကာလ လျာထားချက်ဖြစ်သည့် ဒေါ်လာသုံးဘီလျံပြည့်မီရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှု မူလလျာထားချက်က ခြောက်လ သုံးဘီလျံပေါ့။ အခုသုံးလနီးနီးမှာ သန်း ၅၀၀ကျော်ပဲဆိုတော့ လက်ရှိအနေအထားမှာ သုံးဘီလျံပြည့်မီဖို့ လက်ရှိအနေအထားက အစမှာမကောင်းဘူးပေါ့။ နည်းနည်းလေး အားထည့်ပြီး ထပ်လုပ်ရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီနှစ်က အခြေအနေအကြောင်း အမျိုးမျိုးကြောင့် တာထွက်သိပ်မကောင်းလှဘူး။ အခု သန်း ၅၀၀ ကျော် ၆၀၀ နီးနီးမှာ သုံးလလောက်အတွင်းမှာ နောက်ထပ် ၁ ဒသမ ၅ ဘီလျံလောက်ထပ်ရဖို့ဆိုတာ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်” ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

“သို့သော် အချို့ဝန်ကြီးဌာနတွေမှာ ဆက်ပြီးတော့မှ စီမံကိန်း အကြီးကြီးတွေ ရှိပါတယ်။ အဲဒါတွေက ဒီသုံးလအတွင်းမှာ ပြတ်သွားရင်တော့ Target ကျော်သွားလိမ့်မယ်၊ ဥပမာ-LNG နဲ့မီးပေးမယ့်ကိစ္စတွေ ဒါမျိုးတွေပေါ့။ ဒါတွေက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာနနဲ့ညှိနေတယ်။ ဒီသုံးလအတွင်းမှာ ပြီးသွားနိုင်ရင်တော့ ဒါတွေကဘီလျံနဲ့ချီပြီးရှိတော့ ပြည့်သွားနိုင်မှာပါ။ လက်ရှိသွားနေတဲ့ နှုန်းနဲ့ကတော့ လျာထားချက်ပြည့်ဖို့ အခက်အခဲရှိမယ် ထင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီ၊ မေနှင့်ဇွန် သုံးလနီးပါးအတွင်း သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၃၄ သန်းကျော်သာ ဝင်ရောက်ထားပြီး ယခင်နှစ်ကာလတူက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှင့်ပတ်သက်၍ အမှန်စာရင်းများ ရရှိရေး IMF ၏ နည်းပညာ အကူအညီဖြင့် FDI Survey များပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စိစစ်ခွင့်ပြုရုံသာမက အမှန်ဝင်ရောက်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ခွင့်ပြုထားသော လုပ်ငန်းများ၏ သုံးလတစ်ကြိမ် အစီရင်ခံစာတင်ပြသည့် အစီရင်ခံစာများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းများ ပြုစုလျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၄၃၃၄ ဒသမ ၇၇၉ သန်း သို့မဟုတ် ၄ ဒသမ ၃ ဘီလျံ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရရှိရေးသည် တိုင်းပြည်၏ GDP တိုးတက်မှုနှုန်း၊ စီးပွားရေး တိုးတက်မှုနှုန်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်းများ တွက်ချက်ရာတွင် ထည့်သွင်းအသုံးပြုရန် အရေးကြီး လိုအပ်ချက်ဖြစ်သဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြုစုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent