ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီး လယ်ဧက ခြောက်သောင်းကျော် ရေကြီးနစ်မြုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီး လယ်ဧက ခြောက်သောင်းကျော် ရေကြီးနစ်မြုပ်
Published 29 June 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇွန်လဆန်းပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းများ စီးဆင်းခဲ့မှုကြောင့် စိုက်ပျိုးပြီး လယ်ဧကပေါင်း ခြောက်သောင်းသုံးထောင်ကျော် ရေကြီးနစ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးသည့် လယ်ဧကများကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။

ဇွန် ၁၀ ရက်ခန့်မှ စတင်ကာ တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်များအတွင်းရှိ စိုက်ပျိုးပြီး လယ်ဧကပေါင်း ခြောက်သောင်းသုံးထောင်ကျော်မှာ ရေကြီးနစ်မြုပ်ခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း ရေဝင်နစ်မြုပ်နေသည့် လယ်ဧကများအတွင်း ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သောကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့ရသည့် လယ်ဧကများကို စာရင်းကောက်ယူနေကြောင်း၊ သီးနှံများ ပျက်စီးခဲ့ရသည့် လယ်ယာမြေများကို စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများ ထောက်ပံ့ကူညီနိုင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်က မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းတွေကနေတစ်ဆင့် ရေကြီးပြီးတော့ ဧကပေါင်း ခြောက်သောင်းသုံးထောင်ကျော်လောက် ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့ပါတယ်။ ဒီရေကြီးနစ်မြုပ်မှုဖြစ်တဲ့ နေရာမှာ အခုချိန် ရေများပြန်လည်ကျဆင်းနေပြီ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုများ မကြာခင်မှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ရေကြီးနစ်မြုပ်မှု ထိခိုက်ပျက်စီးမှုအနေနဲ့ ၂၀၁၅၊ ၂၀၁၆ ခုနှစ်မှာတော့ နှစ်သိန်းနှစ်သောင်းသုံးထောင်ကျော်လောက် ပျက်စီးခဲ့ပါတယ်၊ ၂၀၁၆၊ ၂၀၁၇ မှာတော့ နှစ်သိန်းနှစ်သောင်း နှစ်ထောင်ခုနစ်ရာခုနစ်ဆယ့်ခုနစ်ဧက ပျက်စီးခဲ့ပါတယ်။ မနှစ်ကဆိုရင်တော့ ဧကပေါင်း ရှစ်သောင်းခုနစ်ထောင်ကျော် ပျက်စီးခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယမန်နေဂျာ ဦးဌေးလွင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၂၅၄၂၅၆ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး လယ်ဧက ၂၂၃၃၆၃ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၆ မိုးရာသီ စိုက်ပျိုးချိန်တွင် လယ်ဧက ၂၉၇၂၅၁ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး လယ်ဧက ၂၂၂၇၇၇ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မိုးရာသီ စိုက်ပျိုးချိန်တွင် လယ်ဧက ၁၂၀၁၇၉ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး လယ်ဧက ၇၈၂၂၉ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent