ကောက်စိုက်လုပ်သားရှားပါးခြင်း၊ စိုက်စရိတ်ကြီးမြင့်ခြင်းကြောင့် တောင်ငူခရိုင်တွင် မိုးစပါး တိုက်ရိုက်ကြဲပက်စိုက်ပျိုးသူ များပြား

ကောက်စိုက်လုပ်သားရှားပါးခြင်း၊ စိုက်စရိတ်ကြီးမြင့်ခြင်းကြောင့် တောင်ငူခရိုင်တွင် မိုးစပါး တိုက်ရိုက်ကြဲပက်စိုက်ပျိုးသူ များပြား
Published 29 June 2018

အုတ်တွင်းမြို့နယ် ထန်းကုန်းကွင်းတွင် မိုးစပါးများ ကြဲပက်စိုက်ပျိုးနေသည်ကို ဇွန် ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိရာ ကောက်စိုက်လုပ်သား ရှားပါးခြင်း၊ ကောက်စိုက်စရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မိုးစပါးများအား ပျိုးထောင်စိုက်ပျိုးသူနည်းပါးပြီး တိုက်ရိုက်ကြဲပက် စိုက်ပျိုးကြသူ များပြားကြောင်း သိရသည်။

“ဒီကြဲခင်းကြဲတယ်ဆိုတာက ကုန်ကျစရိတ် သက်သာအောင်လို့ပေါ့။ တကယ်တမ်းကျတော့ အထွက်နှုန်း ဘာညာက စိုက်တာက ပိုကောင်းတာပေါ့။ ဒါပေမဲ့ စိုက်တာကျတော့ ကုန်ကျစရိတ်က တော်တော်များတယ်။ တစ်ဧကကို တစ်သိန်းခွဲဝန်းကျင်လောက် သွားကုန်တယ်။ အခုလို ကြဲပြီးတော့နောက်က မြေသြဇာလိုက်၊ ပေါင်းသတ်ဆေးလိုက် ဘာညာဆိုတော့ နည်းနည်းတော့ သောကအေးတာပေါ့။ ကုန်ကျစရိတ်လည်း သက်သာတယ်။ အရင်တုန်းက ဒီတစ်ကွင်းလုံးစိုက်တဲ့ အချိန်က ကောက်စိုက်သမ လုပ်သားရှားတော့ စောင့်ရတာ တော်တော်နဲ့မပြီးဘူး။ ကိုယ့်အလှည့်မရောက်ဘူး။ အခုကျတော့ စပါးကျသွားပြီဆိုရင် သူ့ဟာသူ အချိန်တန် ပေါက်လာမယ်။ ပေါင်းသတ်ဆေးလိုက်၊ မြေသြဇာကြဲ ဒီလိုနဲ့ပဲ အောင်မြင်ပါတယ်။ ဒီအတိုင်းလည်း မဆိုးပါဘူး” ဟု အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာမှ မိုးစပါးစိုက် တောင်သူ ကိုမောင်ချိုက ပြောကြားသည်။

မိုးစပါးများအား ကြဲပက်စိုက်ပျိုးပါက ကောက်စိုက်လုပ်သား ရှာဖွေငှားရမ်းရခြင်း၊ ရာသီဥတုမမှန်ကန်ခြင်း စသော ပြဿနာများကို ရှောင်ရှားနိုင်သည့်အပြင် ပျိုးထောင်စရိတ်၊ ကောက်နှုတ်လုပ်သားစရိတ်များကိုလည်း လျှော့ချနိုင်သောကြောင့် တောင်သူအများစုမှာ မိုးစပါးများကို တိုက်ရိုက်ကြဲပက် စိုက်ပျိုးခြင်းကိုသာ ပိုမိုအားသန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာတွင် ပျိုးထောင်စိုက်ပျိုးသူ နှစ်ဦး၊ သုံးဦးခန့်သာရှိပြီး ကျန်သောတောင်သူများမှာ တိုက်ရိုက်ကြဲပက် စိုက်ပျိုးကြကြောင်း၊ မိုးစပါးများကို တိုက်ရိုက်ကြဲပက် စိုက်ပျိုးခြင်းမှာ ပျိုးထောင်စိုက်ပျိုးခြင်းထက် အထွက်နှုန်းလျော့နည်းသော်လည်း ကုန်ကျစရိတ်မှာ ထက်ဝက်ခန့် သက်သာကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။

“ကြဲကြတာပေါ့လေ။ ကောက်စိုက်သမတွေကလည်း ရှားတယ်။ ကုန်ဈေးနှုန်းတွေကလည်း ကြီးတဲ့အခါကျတော့ ငှားရရမ်းရတာတွေကလည်း ကောက်စိုက်သမတစ်ယောက်ကို ကျပ် ၄၀၀၀။ ယောက်ျားဆို ကျပ် ၅၀၀၀၊ ၆၀၀၀ လောက်ပေးရတယ်။ အဲဒီတော့ ကျွန်တော်တို့ကွင်းမှာဆိုရင် စိုက်တဲ့သူနည်းသွားပြီ။ ကျွန်တော်တို့က ကြဲခင်းတွေပဲ လုပ်တော့တယ်။ ကြဲခင်းတွေက များတာပေါ့။ စိုက်ခင်းဆိုရင် တစ်ဧကကို တစ်သိန်းပတ်ဝန်းကျင်လောက် ကုန်တယ်။ ကြဲခင်းဆိုရင် တစ်ဧကကို တစ်တင်းနှုန်းပဲကြဲတယ်။ အဲဒါ ထွန်စက်မောင်းခတွေ ဘာတွေနဲ့ဆိုတော့ စိုက်ခင်းထက်စာရင် ကြဲခင်းက သုံးပုံနှစ်ပုံလောက် သက်သာတယ်။ နောက်ပိုင်း ကျွန်တော်တို့ ဆေးတွေ ဘာတွေလိုက်။ မြက်ကလေးတွေ ဘာတွေ လိုက်ပေါ့။ ဒီအပြင်ဟာတော့ ကြဲခင်းက အထွေအထူးမရှိဘူး။ အကုန်အကျတော့ သက်သာတယ်” ဟု အုတ်တွင်းမြို့နယ်မှ မိုးစပါးစိုက်တောင်သူ ကိုမောင်ဦးက ပြောကြားသည်။

တောင်ငူခရိုင်တွင် ယမန်နှစ်များကလည်း မိုးစပါးများအား ပျိုးထောင်စိုက်ပျိုးသူ ရာခိုင်နှုန်း ၂၀ ဝန်းကျင်ခန့်သာရှိကာ တိုက်ရိုက်ကြဲပက်စိုက်ပျိုးသူ ရာခိုင်နှုန်း ၈၀ အထိ များပြားခဲ့ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင်လည်း ပျိုးထောင်စိုက်ပျိုးသူ မရှိသလောက် နည်းပါးပြီး ကြဲပက်စိုက်ပျိုးကြသူသာ များပြားလျက်ရှိကြောင်း၊ မျိုးစပါးများ တိုက်ရိုက်ကြဲပက် စိုက်ပျိုးရာတွင် မိုးမရွာခင် ထည်ထိုးထွန်မွှေကာ ကြဲပက်စိုက်ပျိုးသော အခြောက်ကြဲနှင့် မိုးရွာပြီးချိန်တွင် မျိုးစပါးများအား အစို့ဖောက်ပြီး ကြဲပက်စိုက်ပျိုးသော သမန်းကြဲဟူ၍ ကြဲပက်စိုက်ပျိုးနည်း နှစ်မျိုးရှိကြောင်း တောင်သူများထံမှ သိရသည်။

Most Read

Most Recent