ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသုံးခုအတွက် တရုတ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ချေးယူထားပြီး အရင်းဒေါ်လာ ၂၃၁ သန်းကျော်နှင့် အတိုးဒေါ်လာ ၄၁၈ သန်းကျော် ပြန်လည်ပေးဆပ်ထားကာ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ပေးဆပ်ရန် ကျန်ရှိနေ

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသုံးခုအတွက် တရုတ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ချေးယူထားပြီး အရင်းဒေါ်လာ ၂၃၁ သန်းကျော်နှင့် အတိုးဒေါ်လာ ၄၁၈ သန်းကျော် ပြန်လည်ပေးဆပ်ထားကာ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ပေးဆပ်ရန် ကျန်ရှိနေ
Published 29 June 2018

ဇွန် ၂၈ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းသုံးခုအတွက် တရုတ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ချေးယူထားပြီး အရင်း ၂၃၁ သန်းကျော်နှင့် အတိုး ၄၁၈ သန်းကျော် ပြန်လည်ပေးဆပ်ထားသော်လည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ပေးဆပ်ရန် ကျန်ရှိနေကြောင်း၊ ဇွန် ၂၈ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ EITI ၏ ဒုတိယနှင့် တတိယအကြိမ် ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့ ဘာကြောင့် ချေးရလဲဆိုတော့ အဲဒီအချိန်အခါတုန်းက အမေရိကန် ဆန်ရှင်ရှိလို့ဖြစ်ပါတယ်။ ချေးလို့ရတဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံကနေ အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးခြင်းဖြစ်ပါတယ်။ ဒါကို သက်တမ်း ၃၀ နဲ့ ချေးထားခြင်းဖြစ်ပါတယ်” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ (Alternate member-Goverment) ဦးသန်းဌေးအောင်က ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် တရုတ်နိုင်ငံမှ ချေးယူထားသည့် စီမံကိန်းများသည် ရတနာ-ရန်ကုန် ၂၄ လက်မပိုက်လိုင်း ပြည်တွင်းသဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ၂၄၃ ဒသမ ၅၅၈ သန်း၊ အရင်းဆပ်ငွေ ၄၀ ဒသမ ၉၄၁ သန်း၊ အတိုးဆပ်ငွေ ၇၁ ဒသမ ၁၃၄ သန်း၊ ဆပ်ရန်ကျန်ငွေ ၂၀၂ ဒသမ ၆၁၇ သန်း၊ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအတွက် ချေးငွေ ၅၅၉ ဒသမ ၈၆၅ သန်း၊ အရင်းဆပ်ငွေ ၇၇ ဒသမ ၂၅၃ သန်း၊ အတိုးဆပ်ငွေ ၁၃၀ ဒသမ ၁၈၇ သန်း၊ ဆပ်ရန်ကျန်ငွေ ၄၈၂ ဒသမ ၆၁၂ သန်း၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း စီမံကိန်းချေးငွေ ၈၅၁ ဒသမ ၀၃၁ သန်း၊ အရင်းဆပ်ငွေ ၁၁၂ ဒသမ ၈၅၄ သန်း၊ အတိုးဆပ်ငွေ ၂၁၆ ဒသမ ၈၈၇သန်း၊ ဆပ်ရန်ကျန်ငွေ ၇၃၈ ဒသမ ၁၇၇ သန်းဖြစ်ကြောင်း သိရသည်။

ရတနာ-ရန်ကုန် ၂၄ လက်မပိုက်လိုင်း ပြည်တွင်းသဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် အတိုးစတင်ဆပ်ရသည့် နှစ်သည် ၂၀၁၅ ခုနှစ် မေလတွင်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်တွင် ရာနှုန်းပြည့် ပြန်လည်ဆပ်ရမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအတွက် အတိုးစတင်ဆပ်ရသည့်နှစ်သည် ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်မှဖြစ်ပြီး ၂၀၃၁ ခုနှစ် မတ် ၂၀ ရက်တွင် ရာနှုန်းပြည့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်း စီမံကိန်းအတွက် အတိုးဆပ်ရသည့်နှစ်သည် ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်တွင် စတင်ပြီး ၂၀၃၁ ခုနှစ် မတ် ၂၀ ရက်တွင် ရာနှုန်းပြည့်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှ အစီရင်ခံစာပါ လုပ်ငန်းအမျိုးအစားများနှင့် သက်ဆိုင်သော အခွန်အခရငွေအားလုံး၏ ၇၆ ရာခိုင်နှုန်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ကမှ ကောက်ခံရရှိကြောင်း သိရသည်။

Most Read

Most Recent