<

သာကေတမြို့နယ်တွင် အိမ်အကူမိန်းကလေးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပြီး အဆိပ်တိုက်ကာ ပြတင်းပေါက်မှ တွန်းချခဲ့သူအား အမှုဖွင့်အရေးယူ

သာကေတမြို့နယ်တွင် အိမ်အကူမိန်းကလေးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပြီး အဆိပ်တိုက်ကာ ပြတင်းပေါက်မှ တွန်းချခဲ့သူအား အမှုဖွင့်အရေးယူခဲ့ကြောင်း ဇွန် ၂၇ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက် အောင်သပြေအရှေ့(၂)လမ်း အမှတ် (၃၄/က)၊ လေးလွှာနေအိမ်၌ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မ……..(၁၇)နှစ်မှာ နေအိမ်ပေါ်မှပြုတ်ကျ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ မ…..(၁၇)နှစ်၏ မိခင်ဖြစ်သူက ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် မ……မှာ အိမ်ရှင်ဖြစ်သူ၏ ဖခင်ဖြစ်သူဦးမျိုးနောင်နှင့် နေအိမ်၌ အတူရှိနေစဉ် ဦးမျိုးနောင်က နင်းနှိပ်ပေးရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းမှ ကျန်းမာရေးမကောင်း၍ နင်းနှိပ်ပေးခြင်း မပြုလုပ်ပေးနိုင်ကြောင်း ပြောဆိုခဲ့ရာ ဦးမျိုးနောင်က မ……အား အိမ်နောက်ဖေးမီးဖိုခန်းအတွင်းသို့ အတင်းဆွဲခေါ်သွားခဲ့ပြီး ဆွဲလှဲကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့သောကြောင့် မ…..က ရုန်းကန်နေစဉ် ဦးမျိုးနောင်က “နေမကောင်းရင် ဆေးတော့မတိုက်ဘူး။ နင့်ကို အဆိပ်ပဲတိုက်မယ်” ဟု ပြောဆို၍ အ၀တ်လျှော်စက်ဘေးရှိ ဆွဲခြင်းအတွင်းမှ အဆိပ်ဟု ယူဆရသည့် အ၀ါရောင်ဆေးရည်ဘူးအားယူကာ ပါးစပ်အတွင်းသို့ လောင်းထည့်ခဲ့၍ ဆေးရည်များ ပါးစပ်အတွင်းသို့ ၀င်ရောက်ခဲ့ကြောင်း၊ ထို့နောက် မ……က ရုန်းကန်ထွက်ပြေးခဲ့ရာ နေအိမ်ပြတင်းပေါက် ဘေစင်အနီးအရောက် ဦးမျိုးနောင်မှလိုက်ပါလာပြီး ဆောင့်ဆွဲကာ အနီးရှိ ပြတင်းပေါက်သို့ မတင်၍ တွန်းချခဲ့ကြောင်းသိရ၍ အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့က ဘာမှတော့ မသိဘူး။ ရဲစခန်းကိုပဲ မေးလိုက်ပါ။ အဲဒီနေ့က ကယ်ဆယ်ပြီးတော့ လူနာတင်ယာဉ်နဲ့ တင်ပေးလိုက်ပြီး ကျွန်တော်တို့ကို ဘာမှမဆက်သွယ်ကြတော့ဘူး” ဟု သာကေတမြို့နယ် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက ဇွန် ၂၇ ရက် ညပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ဦးမျိုးနောင်အား သာကေတနယ်မြေရဲစခန်းက (ပ)၄၆၀/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၈/ ၃၇၆/၅၁၁ ဖြင့် အရေးယူထားသည်။

June 28, 2018














Copy Protected by Chetan's WP-Copyprotect.