ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်သူသုံးဦးအား ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်သူသုံးဦးအား ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိ
Published 28 June 2018

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူသုံးဦးအား ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၂၇ ရက်က ရန်ကုန်ုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ဇရပ်ကွင်းကျေးရွာအုပ်စု ဆူးပဒေါင်းကွင်းရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိကြောင်း သတင်းအရ ကျောင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကားလမ်းဘေး ချောက်ထဲတွင် အသက်(၃၅)နှစ်ခန့် အမည်မသိ အမျိုးသားတစ်ဦးမှာဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ကျောင်းကုန်းမြို့မရဲစခန်း(ပ) ၆၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူအား စုံစမ်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ အငှားယာဉ်မောင်း ကို........ဖြစ်ကြောင်းသိရပြီး ၂၀၁၈ ခုနှစ် မတ် ၁၇ ရက် ည ၇ နာရီတွင် လူငယ်သုံးဦးက ကို.......၏ အငှားယာဉ်အား ချောင်းသာသို့ ငှားရမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် လူငယ်သုံးဦးအား စုံစမ်းခဲ့ရာ အင်းစိန်မြို့နယ် မြို့သစ်(ဂ)ရပ်ကွက် ပိတောက်(၄)လမ်းနေ ထွန်းဇော်မျိုး (ခ)ထက်အောင်(၂၃)နှစ် ဖြစ်ကြောင်းပေါ်ပေါက်၍ ၎င်းအားနေအိမ်တွင် အငှားယာဉ်မောင်း ကို....... ကိုင်ဆောင်သည့် HUAWEI အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဇွန် ၂၄ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးရမိသူ ထွန်းဇော်မျိုး (ခ) ထက်အောင်အား စစ်ဆေးရာ ၎င်းနှင့်အတူ ရွှေပြည်သာမြို့နယ် အမှတ်(၂၀) ရပ်ကွက် ပုသိမ်(၃)လမ်းနေ အောင်အောင်(ခ)တင်မိုးအောင်(၃၈)နှစ်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်နေ ဆံရှည်(ခ) ဝင်းကျော်သူ(၃၆)နှစ်နှင့် လှိုင်သာယာမြို့နယ် အဆင့်မြင့်(၅) ရပ်ကွက်နေ အောင်ကျော်ဟိန်း (ခ)မှန်ကြီးတို့ ပါဝင်ခဲ့ကြောင်း သိရ၍ အောင်အောင်(ခ)တင်မိုးအောင်၊ ဆံရှည်(ခ)ဝင်းကျော်သူတို့အား ဇွန် ၂၅ ရက် နံနက်တွင် ၎င်းတို့နေအိမ် အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူသုံးဦးအား စစ်ဆေးရာ ၎င်းတို့သည် အငှားယာဉ်အား လုယက်ရန်၊ လုယက်ရရှိသည့် အငှားယာဉ်အား ဆံရှည် (ခ)ဝင်းကျော်က ဝယ်ယူမည်ဖြစ်ကြောင်း တိုင်ပင်ခဲ့ပြီး ယခင်နှစ်ကြိမ်ခန့် ငှားရမ်းဖူးသည့် အငှားယာဉ်အမှတ် DD/----- ပရိုဘောက်ယာဉ်အား ချောင်းသာသို့သွားရန် ငှားရမ်းခဲ့ကြောင်း၊ ဆူးပဒေါင်းကွင်းရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းဘေးအရောက်တွင် ယာဉ်မောင်းအားသတ်ပြီး ယာဉ်အား လှိုင်သာယာမြို့နယ်သို့ မောင်းနှင်ခဲ့ကာ ဆံရှည်(ခ)ဝင်းကျော်သူထံ ကျပ် ၇၅၀၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ထွန်းဇော်မျိုး(ခ)ထက်အောင်၊ အောင်အောင်(ခ)တင်မိုးအောင်နှင့် ဆံရှည်(ခ) ဝင်းကျော်သူတို့အား သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ကာ တိမ်းရှောင်နေသူ အောင်ကျော်ဟိန်း(ခ) မှန်ကြီးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent